Connect with us

Videos

တရုတ်နိုင်ငံက COVID-19 ရောဂါတုံ့ပြန်မှုများ ပြောင်းလဲပြီးနောက် နှစ်ကူးနွေဦးပွဲတော် ခရီးသွားလာမှုများ အဆင်ပြေချောမွေ့စွာ ပို့ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ

ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

ကမ္ဘာ့ လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက COVID-19 ရောဂါတုံ့ပြန်မှုများအား ချိန်ညှိခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်း အကြီးမားဆုံး နှစ်စဉ်လူရွှေ့ပြောင်းသွားလာမှုဖြစ်သော တရုတ်နိုင်ငံ၏ နှစ်ကူးနွေဦးပွဲတော် ခရီးသွားလာမှု များပြားသော ကာလမှာ ယခုအခါတွင် ခရီးသွားလာမှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်း သိရသည်။သန်းပေါင်းများစွာသော ပြည်သူများသည် ဇန်နဝါရီ ၂၂ ရက်တွင် ကျရောက်သော တရုတ်နှစ်သစ်ကူးအတွင်း မိသားစုဝင်များ နှင့် ပြန်လည်ဆုံဆည်းရန် တရုတ်နိုင်ငံတစ်ဝန်း ရထားဘူတာရုံများ ၊ လေဆိပ်များ နှင့် အဝေးပြေးဂိတ်များတွင် ပျားပန်းခတ်မျှ သွားလာနေကြသည်။

ခရီးသွားများအတွက် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့သည့် ခရီးဖြစ်စေရေးအတွက် နိုင်ငံ၏ကဏ္ဍအသီးသီးရှိ တာဝန်ရှိသူများက ကြိုးပမ်းအားထုတ်မှုများအား အရှိန်အဟုန်မြှင့်တင်ခဲ့ကြသည်။

ထျန်းကျင်း ရထားဘူတာရုံဝန်ထမ်း Zhu Haixiao က “ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၉ ရက်ကြားမှာ ခရီးသွားလာမှု အမြင့်ဆုံး ဖြစ်မယ် ထင်ပါတယ်။ ထျန်းကျင်းရထားဘူတာရုံက ဘေးကင်းလုံခြုံပြီးတော့ သက်တောင့်သက်သာရှိတဲ့ စနစ်တကျ ခရီးသွားလာမှု ဖြစ်ဖို့အတွက် အစီအမံတွေကို လုပ်ဆောင်ခဲ့ပါတယ်။ဥပမာအနေနဲ့ ထျန်းကျင်းရထားဘူတာရုံ နဲ့ ထျန်းကျင်းအနောက်ပိုင်း ရထားဘူတာရုံတွေမှာ အတော်လေး နောက်ကျမှ ရောက်လာတဲ့သူတွေအတွက် အရေးပေါ်လမ်းကြောင်းတစ်ခုကို သတ်မှတ်ထားပါတယ်။ ပြီးတော့ ထျန်းကျင်းအနောက်ပိုင်း ရထားဘူတာရုံက အမျိုးမျိုးသော ရထားတွေအကြားမှာ ကူးပြောင်းလိုသူတွေအတွက် အမြန်ကူးပြောင်းပေးတဲ့ဝန်ဆောင်မှုကို ပေးထားပါတယ်။ အဲဒါက အချိန်တိုတိုနဲ့ ခရီးရောက်သွားနိုင်ပါတယ်။”ဟု ပြောကြားခဲ့သည်။

“ဒီနှစ်ရဲ့ နှစ်ကူးနွေဦးပွဲတော် ခရီးသွားလာမှု များပြားတဲ့ကာလရဲ့ အမြင့်ဆုံးရက်က ဇန်နဝါရီ ၂၀ ရက် ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အပြန်ခရီးစဉ်တွေ အများဆုံးရက်က ဇန်နဝါရီ ၂၇ ရက် ဖြစ်မယ်လို့ ထင်ပါတယ်။ ခရီးသွားလာမှု အများဆုံးအချိန်အတွင်းမှာတောင် ခရီးသည်တွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ လူအင်အား တိုးတာတွေ ၊ စက်ပစ္စည်း တိုးတာတွေ အဲဒါတွေအတွက် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။”ဟု ရှန်ဟိုင်းမြို့ရှိ China Eastern လေကြောင်းလိုင်း ဝန်ထမ်း Wang Jiasi က ပြောကြားခဲ့သည်။
ရှန်ဟိုင်းရထားဘူတာရုံဝန်ထမ်း Yang Junhua က “ ဒီနှစ်မှာ ကျွန်တော်တို့ ရထားဘူတာရုံက ဘူတာရုံဧရိယာအတွင်းမှာ အလုံးစုံ ပိုးမွှားသန့်စင်ရေး လုပ်ဆောင်ဖို့အတွက် ပိုးသတ်ဆေးဖြန်းတဲ့ စက်ရုပ်တွေ နဲ့ တခြား ပိုးသတ်ဆေးဖြန်းတဲ့ ပစ္စည်းကိရိယာတစ်ချို့ကို အသုံးပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နေမကောင်းတဲ့သူ တွေကို ဘူတာမှာပဲ ကုသမှုတွေ ပေးနိုင်ဖို့ ဆရာဝန်တွေကို ဆေးကုသနိုင်တဲ့နေရာအမျိုးမျိုးမှာ နေရာချထား ပေးထားပါတယ်။ ပြီးတော့ လိုလိုမယ်မယ် အရေးပေါ်နှာခေါင်းစည်းတွေ၊ ပိုးသတ်ထားတဲ့ အဝတ်စတွေ နဲ့ အရေးပေါ်ဆေးဝါးတစ်ချို့ကိုလဲ ပေးထားပါတယ်။”ဟု ပြောကြားခဲ့သည်။

ကျိန့်ကျိုးအရှေ့ပိုင်း ရထားဘူတာရုံဝန်ထမ်း Song Junying က “ခရီးသည်တွေအနေနဲ့ ဘူတာရုံထဲကို ဝင်ရောက်တဲ့အခါမှာ ကိုယ်အပူချိန် စစ်ဆေးဖို့ နဲ့ နှာခေါင်းစည်း တပ်ဆင်ထားဖို့ လိုပါတယ် ။ တန်းစီစောင့်ဆိုင်းနေတုန်းမှာလဲ တစ်မီတာအကွာအဝေး နေကြဖို့ အကြံပြုထားပါတယ်။ လိုရမယ်ရ ခရီးသည်တွေက နှာခေါင်းစည်း ယူလာဖို့ ၊ လိုအပ်တဲ့ ပိုးသတ်ဆေးဖြန်းတဲ့ ပစ္စည်းတွေ ယူလာဖို့ မေ့နေရင်လဲ N95 နှာခေါင်းစည်းတွေ ၊ surgical နှာခေါင်းစည်းတွေနဲ့ ပိုးသတ်ဆေးရည်တွေကို သူတို့အတွက် ပြင်ဆင်ထားပါတယ်။”ဟု ပြောကြားခဲ့သည်။
“ဒီနှစ် နှစ်ကူးနွေဦးပွဲတော်ခရီးသွားလာမှု များပြားတဲ့ကာလအတွင်းမှာ လုံခြုံဘေးကင်းစေဖို့အတွက် ပင်လယ်ကူး ခရီးသည်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အသွားအပြန် ရထား ၁၆ စင်းကို စွမ်းဆောင်ရည် တိုးမြှင့်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခရီးသွားလာမှုများပြားတဲ့အချိန်မှာ စနစ်တကျရှိဖို့ လူ ၅၀ ကျော် ရှိတဲ့ အရေးပေါ် အကူအညီအသင်းကို ဖွဲ့စည်းထားပါတယ် ။ ပြီးတော့ ဆိပ်ကမ်းကို ဝင်ရောက်ဖို့ လမ်းကြောင်းတွေကို ထပ်တိုးထားပြီးတော့ ခရီးသည်တွေအတွက် ပိုပြီးတော့ အဆင်ပြေစေဖို့ လက်မှတ်ရောင်းချတဲ့နေရာတွေ တိုးထားခဲ့ပါတယ်။”ဟု China Railway Guangzhou Group ဟိုင်ခို ရထားဖယ်ရီအပိုင်း၏ ဝန်ထမ်း Shen Zheng က ပြောကြားခဲ့သည်။
နှစ်ကူးနွေဦးပွဲတော် ခရီးသွားများပြားသောကာလသည် ယခုနှစ်တွင် ဇန်နဝါရီ ၇ ရက်မှစတင်ကာ ရက်ပေါင်း ၄၀ ကြာမြင့်မည် ဖြစ်သည်။
ယင်းခရီးသွားလာမှုများပြားချိန်ကာလအတွင်း ခရီးသွားလာမှုအရေအတွက်သည် ၂.၁ ဘီလီယံနီးပါး ရောက်ရှိရန် ယခင်နှစ်ထက် ၉၉.၅ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)
#China #SpringFestival #Travel #တရုတ်နိုင်ငံ #နှစ်ကူးနွေဦးပွဲတော် #ခရီးသွားလာမှု #ဆင်ဟွာ #Xinhua #Myanmar #Xinhuamyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.