Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များလက်မှတ်ရေးထိုး၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၃) နှစ်ပြည့်အား ကြိုဆိုဂုဏ်ပြု

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များလက်မှတ်ရေးထိုး၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၃) နှစ်ပြည့်အား ကြိုဆိုဂုဏ်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဇွန် ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၈ ရက် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၃) နှစ်ပြည့်သည့် အခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် နေပြည်တော်၌ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ပံ့ပိုးသည့် မြန်မာနိုင်ငံစီမံကိန်းများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား COVID-19 ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ အစိုးရနည်းပညာကောလိပ် (မန္တလေး) အား လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းနှင့် အွန်လိုင်းလေ့ကျင့်ပေးမှုများ ပေးအပ်ခြင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေလေ့လာမှု စသည့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စသည့် ပြည်ထောင်စုဝန်ကြီးဌာန ၁၀ ခု မှ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် အဆင့်မြင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း သိရသည်။

သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံသည့် သမိုင်းကိုပြန်လည်ပြောကြားခဲ့ပြီး ယနေ့ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များအား လက်မှတ်ရေးထိုးလဲလှယ်ခြင်းသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃) နှစ်ပြည့်အား လက်တွေ့လှုပ်ရှားမှု ၇ ခုဖြင့် ဂုဏ်ပြုခဲ့ကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို လက်ဆင့်ကမ်းပြန့်ပွားရန် ဆောင်ရွက်၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ရလဒ်အသစ်များ ရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံအကူအညီဖြင့် မြန်မာနိုင်ငံ၌ဆောင်ရွက်သည့်စီမံကိန်းများသည်လည်း အေးအတူပူအမျှ၊ အတူလက်တွဲရှေ့သို့ချီတက်သည့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူနေမှုဘဝ ကောင်းမွန်လာစေရေးတို့အား လက်တွေ့ကျကျကူညီပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအားကူညီသည့် အသစ်တစ်သုတ်ဖြစ်သော ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်းသည် ဇွန်လ ၇ ရက်ညတွင် ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံထံ လှူဒါန်းပေးအပ်သည့် ပထမအသုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများသည်လည်း ဇွန်လ ၁၂ ရက်တွင် ပို့ဆောင်ရောက်ရှိ၍ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် တတ်စွမ်းသမျှကူညီမှုများ ဆက်လက်ပေးအပ်သွားပြီး မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုများသည့်လက်တွေ့ကျကျရလဒ်များ ရရှိရန် ဖော်ဆောင်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းလှကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အမြဲတစေကျင့်သုံး၍ အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ်နက်ရှိုင်းလာစေပြီး နိုင်ငံတကာစင်မြင့်ထက်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြီးနောက် သဒ္ဓါတရားထက်သန်စွာလှူဒါန်းပေးအပ်မှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အခက်အခဲများ အတူကျော်ဖြတ်သည့် အေးအတူ ပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးလဲလှယ်သည့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်များသည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သောရလဒ်များကို ပေါ်လွင်စေကာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့်ယဉ်ကျေးမှု အဆိုပြုချက်များကို ပြတ်သားစွာထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ ၎င်းအဆိုပြုချက်များအား အကောင်အထည်ဖော်ဆောင်ကာ ပိုမိုငြိမ်းချမ်း၊ လုံခြုံ၍ စည်ပင်ဝပြောသောကမ္ဘာကြီးကို အတူတည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးနောက် သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်-မြန်မာကဏ္ဍပေါင်းစုံတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.