Connect with us

Videos

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်စီမံကိန်းအတွက် အသုံးပြုရန် ဆောက်လုပ် ပြီးစီးခဲ့သော သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်စင်တာ အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (နိုဝင်ဘာ ၇ ရက်) နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ကောင်စီ လမ်းပေါ်ရှိ အဆိုပါအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စု ဝန်ကြီးများဖြစ်သော ဦးမင်းနောင် နှင့် ဦးလှမိုး ၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ ပထမအတွင်းဝန် Mr. Wang Xianzhong ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းကွပ်ကဲရေး အဖွဲ့ ဒုတိယဥက္ကဌ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိက ရည်ရွယ်ချက်မှာ မဲခေါင် ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး၊ သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံ အသိုက် အဝန်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့် အကောင်အထည်ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation)ကို တိုးမြှင့် သွားရန် ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်အရ ဦးစားပေး နယ်ပယ်(၅)ခုကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ပြီးလည်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများက အဆိုပြုသည့် မဲခေါင်ဒေသခွဲအား အကျိုးရှိစေသော၊ စီမံကိန်းများ အကောင်အထည်ဖော် ခြင်းကို အခြေခံသော ပူးပေါင်းဆောင်ရွက်မှုပုံစံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၁၇) ခုနှစ်မှစ၍ (၂၀၂၃)ခုနှစ် အထိ အသေးစားနှင့်အလတ်စား စီမံကိန်း စုစုပေါင်း (၁၀၆)ခု ဆောင်ရွက်ခဲ့ရာ စီမံကိန်း (၃၅)ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ၊ ယနေ့ကျင်းပပြုလုပ်သည့် သီးနှံအထွက်နှုန်း ဆန်းစစ် အကဲဖြတ် စင်တာ ဖွင့်ပွဲအခမ်းအနားသည်လည်း အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအား လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လူအင်အား အသုံးပြု သီးနှံစိုက်ပျိုးမှုစာရင်းများ ကောက်ယူမှုအခြေအနေမှ မောင်းသူမဲ့လေယာဉ် (Drone) အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်း ကောက်ယူ သည့်စနစ်တစ်ခု ထူထောင် နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ Remote Sensing and GIS နည်းပညာများကို အသုံးပြုပြီး အဆိုပါ ကောက်ယူရရှိထားသည့် စိုက်ပျိုး သီးနှံများ၏ အထွက်နှုန်းကိုပါ ဆန်းစစ် အကဲဖြတ်သည့်လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ ပထမအတွင်းဝန် Mr. Wang Xianzhong က စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်း ကွပ်ကဲရေး အဖွဲ့ ဒုတိယဥက္ကဌ နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့က စီမံကိန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ ပထမအတွင်းဝန် အား အမှတ်တရလက်ဆောင်ပေးအပ်ပြီး အဆောက်အအုံနှင့် ပတ်သက်သောစာရွက်စာတမ်းများကို ကုမ္ပဏီမှ တာဝန်ရှိသူက လွှဲပြောင်းပေးအပ်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က လက်ခံ ရယူသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.