Connect with us

News

မြန်မာ့စီးပွားကဏ္ဍ ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာစေရေး မြန်မာ့ ကုန်သွယ်စီးပွား ပွဲတော်(၂၀၁၈) ကျင်းပ

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

မြန်မာ့စီးပွားကဏ္ဍ ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈)ကို ပထမဆုံး အကြိမ် အဖြစ် ရန်ကုန်မြို့ရှိ Yangon Convention Center (YCC) ၌ ယနေ့ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ ၂ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ကုန်သွယ်စီးပွား ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာမော်သန်းက ပွဲတော် ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန် နိုင်ငံရေး ၊ စီးပွားရေး၊ လူမှုရေးများထဲမှ စီးပွားရေးကို အထူးပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန် ရည်ရွယ်ချက် ဖြစ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက နိုင်ငံတော် အနေဖြင့် ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများစွာ ရှိပြီး ဝန်ကြီးဌာန အသီးသီးမှလည်း တက်စွမ်းသမျှ ကြိုးပမ်း ဆောင်ရွက်နေကြသည်ကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း ၊ သို့သော်လည်း တခုတည်းသော ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်ကို ဦးတည် သွားရာတွင် ဟန်ချက် ညီညီဖြင့် ပူးပေါင်း ဆောင်ရွက်ကြမှသာလျှင် လိုရာပန်းတိုင်ကို ရောက်နိုင်မည် ဖြစ်ကြောင်း ၊ ထိုကြောင့် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ(National Economic Coordination Committee-NECC)ကို ထပ်မံ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပွဲတော် ပထမနေ့တွင် အစိုးရ ဘတ်ဂျက်နှင့် ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှု / အစိုးရ၏ အခန်းကဏ္ဍ ၊ မြန်မာ နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေ ၊ ကုန်သွယ်ရေးမူဝါဒတွင် သိရှိရန် အချက်အလက်များနှင့် မြန်မာနိုင်ငံ၏ အခွန်စည်းကြပ်ခြင်းနှင့် အနာဂတ် အခွန်မူဝါဒ တို့အား အဖွဲ့လိုက် ဆွေးနွေးခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။မြန်မာ့ကုန်သွယ်စီးပွားပွဲတော် (၂၀၁၈) ၏ ဆောင်ပုဒ်မှာ “လူမှု စီးပွား ဖွံ့ဖြိုးထွား စုပေါင်း ဆောင်ရွက် တိုင်းပြည်တွက်” ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကုန်သွယ်စီးပွားပွဲတော်တွင် ပြခန်းပေါင်း ၁၅၀ ကျော် ပါဝင် ပြသထားပြီး ထိုပြခန်းများတွင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ထုတ်ကုန် များနှင့် ဝန်ဆောင်မှု များကို လေ့လာ နိုင်မည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် လက်ရှိ နှင့် အနာဂတ် မြန်မာနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာကဏ္ဍများစွာကို ဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေး ပညာရှင်များမှ တာဝန်ရှိသူများမှ ဟောပြော ဆွေးနွေးမည် ဖြစ်ပြီး တက်ရောက်သူများ အနေဖြင့် တိုက်ရိုက် မေးမြန်း ရှင်းလင်း ပြောကြားနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကုန်သွယ်စီးပွားပွဲတော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံ စာရင်းကောင်စီက ဦးဆောင်၍ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ) တို့ ပူးပေါင်းကာ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.