Connect with us

Politics & Security

အင်ဒိုနီးရှား အနောက်ပိုင်း ရှိ Sinabung မီးတောင်ပေါက်ကွဲရာတွင် သေဆုံးသူ ၆ ဦးထိရှိလာ

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံရှိ Sinabung မီးတောင်ပေါက်ကွဲနေစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ မေ၂၂ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ၏ အနောက်ဆူမားတြားကျွန်း၌ မေ ၂၁ရက် က မီးတောင်ပေါက်ကွဲမှုဖြစ်ပွားရာတွင် မေ ၂၂ရက်အထိ သေဆုံးသူဦးရေမှာ ၆ ဦးအထိ မြင့်တက်လျက်ရှိနေပြီး ၊ အခြား လူ ၃ ဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။

သေဆုံးသူများ နှင့် ထိခိုက်ဒဏ်ရာရသူများသည် မီးတောင်ဝမှ ၆ ကီလိုမီတာ မှ ၇ ကီလိုမီတာ အကွာ အန္တရာယ်ဇုန်အတွင်းတည်ရှိနေသည့် Gamber ကျေးရွာမှ ဖြစ်ကြောင်း နှင့် မီးတောင်မှ မှုတ်ထုတ်လိုက်သည့် ပြာပူများဒဏ် ခံစားရသူများဖြစ်ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ မှ ပြောခွင့်ရပုဂ္ဂိုလ် Sutopo Purwo Nugroho ကဆိုသည်။
“ အမှန်က အန္တရာယ်ဇုန်ထဲမှာ ဘယ်သူမှ မနေသင့်ဘူး။ ဒါပေမယ့် ရွာသားတွေက အဲဒီမှာ စီးပွားရေးအတွက် လယ်လုပ်ကြတယ်လေ ” ဟု ဆင်ဟွာသတင်းဌာနသို့ပြောသည်။ “ မီးတောင်ဝက ပြာမှုန့်တွေ စတင်မှုတ်ထုတ်လိုက်တဲ့အချိန် မှာ Gamber ရွာထဲမှာ ရွာသားတွေ ဘယ်လောက်ရှိနေလဲ ဆိုတာ သေသေချာချာ မသိကြသေးဘူး” ဟု Sutopo ကဆက်ပြောသည်။
မေလ ၂၂ ရက် နံနက်ပိုင်းအထိ ရွာသား ၃ဝဝ ကျော်ကို ရှာဖွေ ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့အရာရှိ Zainul Tjahar က ဆူမားတြားကျွန်းမြောက်ပိုင်းမှတဆင့် ဆင်ဟွာသတင်းဌာနသို့တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့တွင် စစ်သားများ၊ရဲတပ်ဖွဲ့ဝင်များ နှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သည်ဟု Sutopo ကပြောသည်။
မေ ၂၁ ရက်ညနေပိုင်းက စတင်ခဲ့သည့် Sinabung မီးတောင်မှ ပြာပူများမှုတ်ထုတ်ခြင်းမှာ ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက်ဖြစ်သည်။ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာကောင်းကင်ပြင်တစ်ခုလုံး မီးခိုးပြာများဖြင့် ဖုံးလွှမ်းသွားကြောင်း နှင့် ၎င်း ပြာပူများသည် မီးတောင်ဝမှ ၄.၅ ကီလိုမီတာအကွာထိ ပျံ့နှံသွားကြောင်း Sutopo ကဆက်ပြောသည်။ အင်ဒိုနီးရှားနိုင်ငံအမျိုးသား မီးတောင် အေဂျင်စီက မီးတောင်ပေါက်ကွဲမှုကို အမြင့်ဆုံးအဆင့်ဖြင့် တပ်လှန့်ထားသည်။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် Sinabung မီးတောင်ပေါက်ကွဲမှုတွင် လူပေါင်း ၁၆ ဦးသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ နေရပ်များစွန့်ခွာခဲ့ရသည်။
Sinabung မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမီးတောင် ၁၂၉ ခုတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း နှင့် ပစိဖိတ်မီးကွင်း ( Pacific Ring of Fire ) ဟုလူသိများသည့် ငလျင်ကြောအတွင်း တည်ရှိနေသည့် မီးတောင်တစ်ခုဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.