Local
ဥရောပသို့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း တန်ချိန် နှစ်သောင်းခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားဟုဆို
ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
မြန်မာပဲတီစိမ်းများကို ဥရောပသို့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း တန်ချိန် နှစ်သောင်းခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ မြန်မာပဲတီစိမ်းများကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့နေခြင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ဥရောပသို့ ဈေးကွက်ချဲ့၍ စတင်တင်ပို့ခဲ့ရာ ဝယ်လိုအား များလာသဖြင့် တိုးချဲ့ တင်ပို့သွားရန် ရှိကြောင်း ၊ ဥရောပ ဈေးကွက်၌ မြန်မာ ပဲတီစိမ်းကို အခြားနိုင်ငံများထက် အမေရိကန် ဒေါ်လာ ၂၀၀ ခန့် ဈေးပို ပေးကြောင်း ယင်းအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံမှ ပဲတီစိမ်းများကို ဥရောပ နိုင်ငံများသို့ တင်ပို့ရန် သဘောတူ လက်မှတ်ရေးထိုးနိုင်သော အဆင့်သို့ ရောက်ရှိနေပြီး ပဲပင်ပျိုးပေါက် ဖောက်ရန် အရည်အသွေး ကောင်းမွန်သော ပြည်တွင်းမှ ပဲတီစိမ်းများကို တင်ပို့သွားမည် ဖြစ်ကြောင်း၊ ဥရောပ နိုင်ငံများမှ ကျွမ်းကျင် ပညာရှင်များသည် မြန်မာနိုင်ငံမှ ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးချိန်မှ စတင်၍ ရိတ်သိမ်း ခြွေလှေ့ချိန် အထိ အဆင့်ဆင့် လိုက်နာရမည့် နည်းပညာနှင့် အသိပညာများ မျှဝေပေးကာ နှစ်နှစ်အတွင်း အရည်အသွေး ကောင်းမွန်၍ စံချိန်စံညွှန်း ပြည့်မီသော ပဲတီစိမ်းများကို တင်ပို့နိုင်ရေးအတွက် ပံ့ပိုးကူညီလျက် ရှိသည်။ (Xinhua)