Connect with us

Local

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆို

စံပြငါးဈေးရှိ ငါးဒိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံ ၏ ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုတွင် တရုတ်နိုင်ငံသည် ရေထွက်ကုန်ဒုတိယအများဆုံးတင်ပို့ ရသည့်နိုင်ငံဖြစ်ပြီး၂၀၂၁ခုနှစ်တွင် တရုတ်နိုင်ငံသို့ရေထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

“မြန်မာနိုင်ငံက ရေထွက်ကုန်တွေ ကို အများဆုံးတင်ပို့ရတဲ့နိုင်ငံက ထိုင်းနိုင်ငံ၊ ဒုတိယ အများဆုံးက တရုတ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုဒုတိယအများဆုံးတင်ပို့ရတာဆိုပေမယ့် ထိုင်းနိုင်ငံကို တင်ပို့ရတာနဲ့ သိပ်တော့မကွာလှဘူး။ဒါကြောင့် တရုတ်နိုင်ငံနဲ့ ရေထွက်ပစ္စည်းတင်ပို့မှု တစ်နှစ်ထက်တစ်နှစ်တိုးတိုးလာဖို့ မျှော်မှန်းထားပါတယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ဆိုရင် မနှစ်က အမေရိကန်ဒေါ်လာ သန်း၂၀၀ နီးပါးလောက်ကုန်သွယ်ရတာ ဖြစ်လို့ တရုတ်ပြည်ရဲ့ ဝယ်လိုအားနဲ့ ဈေးကွက်လိုအပ်ချက်ကို ကြည့်ပြီး နှစ်တိုင်းတိုးပြီးတင်ပို့ချင်တယ်။ ပိုပြီးတင်ပို့နိုင်ဖို့လည်း ကြိုးစားနေပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

နယ်စပ်ကုန်သွယ်ရေးအနေဖြင့် တရုတ်နိုင်ငံသို့ ပင်လယ်ငါးများအား ရေခဲရိုက်ပြီး အအေးခန်းကားများဖြင့် တင်ပို့ကြောင်း၊ထို့ပြင် ငါးရှဉ့်နှင့် ကဏန်းအပါအဝင် ရေထွက်ကုန်မျိုးစုံအားတင်ပို့ရကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား ပြည်ပသို့ တင်ပို့ရသည့်အခါ ပင်လယ်ရေကြောင်းလိုင်း၊ လေကြောင်းလိုင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ၃ ခုဖြင့် တင်ပို့ရကြောင်းသိရသည်။

“လက်ရှိရေထွက်ကုန်တွေတင်ပို့မှုအခြေအနေက ပုံမှန်ကုန်သွယ်ရေး ဖြစ်တဲ့ သင်္ဘောနဲ့ ပို့တာ လျော့သွားတယ်။ လေကြောင်းလိုင်း တွေနဲ့ ပို့တာလည်း ရှိတော့ရှိတယ်။ နည်းတယ်။ နယ်စပ်ကုန်သွယ်ရေး မှာ မြန်မာနိုင်ငံရဲ့ COVID-19 အခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်း တွေမှာလည်းတင်ပို့မှုမှာ အခက်အခဲတွေ ရှိတယ်။ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ကုန်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တင်ပြထားတာရှိပါတယ်’’ ဟု ဦးဝင်းကြိုင်ကဆက်ပြောသည်။

ယခုရက်ပိုင်းတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု လျော့နည်းနေသောကြောင့် ဗဟိုစံပြငါးဈေးကြီးတွင် ယခင်က တစ်ရက်လျှင် ငါးပိဿာချိန် ခြောက်သိန်းဝန်းကျင်ရောင်းချရသော်လည်း ယခုအချိန်တွင် ငါးပိဿာချိန် နှစ်သိန်းခွဲခန့်သာရောင်းချရကြောင်း၊ စက်တင်ဘာလလယ်လောက်မှစ၍ ရောင်းအားများကျဆင်းခဲ့ကြောင်း ရေထွက်ကုန်ဈေးကွက် အရောင်းအဝယ်ပြန်လည်ကောင်းမွန်စေရန်အတွက် COVID-19 ရောဂါအခြေအနေပေါ်မူတည်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.