Connect with us

Local

ကရင်ပြည်နယ် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု နှင့် လူမှု စီးပွား ဘဝ တည်ငြိမ်မှုကို တာဝန်ကျေသော စီးပွားရေး လုပ်ငန်းများမှ တစ်ဆင့် ဖော်ဆောင်မည်

ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းက UNGC Network Myanmar နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုလက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ မေ ၁၅ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်၏ ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုနှင့် လူမှုစီးပွားဘဝတည်ငြိမ်မှုကို တာဝန်ကျေသော စီးပွားရေး လုပ်ငန်းများမှတစ်ဆင့် ဖော်ဆောင်နိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်၊ ဒေသခံ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် ပြည်နယ်အစိုးရတို့ မေလ ၁၄ ရက်တွင် ညှိနှိုင်းခဲ့ဲကြကြောင်း သိရသည်။

ကုလသမဂ္ဂ၏ တာဝန်ကျေသောလုပ်ငန်းများဆိုင်ရာကွန်ရက် ဖြစ်သည့် Global Compact (UNGC) သို့ ကရင်စီးပွားရေးလုပ်ငန်းများ ဝင်ရောက်စေခြင်းဖြင့် တာဝန်ကျေသော လူမှုအကျိုးပြုသော စီးပွားရေး အသိုက်အဝန်းတစ်ရပ် ဖန်တီးကာ ဒေသခံလူထု၏ လူမှုစီးပွားဘဝ မြင့်တက် လာစေရေး ဆောင်ရွက် ကြရန် ဘားအံမြို့တွင်ကျင်းပသည့် ငြိမ်းချမ်းရေးအတွက် စီးပွားရေး လုပ်ငန်းများ – B4P ဆွေးနွေးပွဲတွင် ညှိနှိုင်း ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ငြိမ်းချမ်းရေးကို တာဝန်ကျေသော စီးပွားရေးလုပ်ငန်းများ ဖြစ်လာစေခြင်းဖြင့် ထောက်ပံ့ ကူညီရန် ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်များကိုယ်စား ကရင်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းက UNGC Network Myanmar နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

UNGC သို့ ကတိကဝတ်ပြုလိုပါက ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် စည်းကမ်း (၁၀) ချက်ကို လိုက်နာရသည်။ ယေဘုယျအားဖြင့် လူ့အခွင့်အရေးနှင့် လုပ်သားအခွင့်အရေးတို့ကို လေးစားလိုက်နာခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကို လုပ်ဆောင်ရပြီး အဂတိလိုက်စားမှုကို ရှောင်ကျဉ်ရသည်။

“ဥပဒေကိုလိုက်နာရမယ်၊ ဥပဒေဘောင်အတွင်းကလုပ်ရမယ်၊ ကျင့်ဝတ်ရှိတဲ့ လူမှုတာဝန်ယူတဲ့ လုပ်ငန်းတွေဖြစ်ရမယ်” ဟု UNGC Network Myanmar ၏ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းသက်က ပြည်နယ်လုပ်ငန်းရှင်များကို တိုက်တွန်းသည်။

ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ “Business for Peace – B4P” ကို ရန်ကုန်မြို့၌ ဧပြီလ ၄ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး မေလ ၁၃ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို ့၌ ကျင်းပခဲ့ကာ ယခုလ နောက်ဆုံးပတ်တွင် မန္တလေးမြို့သို့ သွားရောက်၍ ဒေသခံလုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်လာစေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)