Connect with us

Local

ထားဝယ် အထူးစီးပွားဇုန် အစည်းအဝေး ရာနှုန်းပြည့်ထက် ကျော်လွန် ထိရောက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ သန်းမြင့် နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam Chidchob တို့ ရောက်ရှိလာစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

နေပြည်တော် Park Royal Hotel တွင် အောက်တိုဘာ ၂ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သော (၉)ကြိမ် မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေးသည် ရာနှုန်းပြည့် အောင် မြင်ခဲ့သည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က အဆိုပါ အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်း ပွဲ၌ ပြောကြားခဲ့သည်။

“ဒီကနေ့ အစည်းအဝေးဟာ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် ရာနှုန်း ပြည့်ထက် ကျော်ပြီး ထိရောက်မှု ရှီတယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်” ဟု၎င်းက ပြောခဲ့ပြီး ထားဝယ်အထူး စီးပွားရေးဇုန် (DSEZ:_ Dawei Special Economic Zone)၏ ကနဦး လုပ်ငန်းဖြစ်သည့် ၂၇ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် Initial Face အား တာဝန်ယူ တည်ဆောက်မည့် အီတာလျံ ထိုင်း ကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့ ထိုင်းနယ်စပ်နှင့် DSEZ အကြား နှစ်လမ်းသွား အဆင့်မြင့်လမ်း ဖောက်လုပ်ရေးအတွက် ဖြစ်နိုင်ခြေ လေ့လာမှုများ ဆောင်ရွက်လျက်ရှိရာ စက်ယန္တရားများဖြင့် ဆောင်ရွက်သည့် မြေပြင် လုပ်ငန်းများကို ၂၀၂၀ ခုနှစ်ထဲ၌ စတင်နိုင်ရေး ယနေ့ အစည်းအဝေးတွင် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ အဆိုပါ Initial Face Project ကို ဆောင်ရွက် နေစဉ် အတွင်း တစ်ပြိုင်တည်းမှာပင် ၁၉၆ စတုရန်း ကီလိုမီတာရှိ Full Face Project ကိုလည်း ဆောင်ရွက်နိုင်ရန် ပြည်တွင်း ပြည်ပရှိ စိတ်ဝင်းစားသူ ရင်းနှီးမြှုပ်နှံသူတို့အား ဖိတ်ခေါ် ဆောင်ရွက်သွားနိုင်ရေးအတွက် ယနေ့ အစည်းအဝေးကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

(၉)ကြိမ်မြောက် မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပနေစဉ်။(ဆင်ဟွာ)

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ သန်းမြင့် အမှာစကား ပြောကြားနေစဉ်။(ဆင်ဟွာ)

မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Saksayam အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

ယနေ့ အစည်းအဝေး ရလဒ်များအပေါ် မြန်မာ-ထိုင်း ပူးတွဲ ထုတ်ပြန်ချက်အရ

 ၁။ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားရန်၊ ၂။ ထိုင်းနယ်စပ်နှင့် DSEZ အကြား နှစ်လမ်းသွား ဖောက်လုပ်ရေး တိုးတက်မှုများကို အသိအမှတ်ပြုရန်၊ ၃။ မြန်မာဘက်မှ ဒုတိယ သမ္မတနှင့် ထိုင်းဘက်မှ ဒုတိယ ဝန်ကြီးချုပ် ပါဝင်သည့် အဆင့်မြင့် ပူးတွဲ ကော်မတီ အစည်းအဝေးကို မကြာမီ အမြန်ဆုံး ကျင်းပသွားရန်၊ ၄။ ကနဦး (Initial Face Project) စီမံကိန်းကို ဆောင်ရွက်နေ ရင်း ပင်မ စီမံကိန်းကြီး(Full Face Project) ကိုပါ တစ်ပြိုင်တည်း ဆောင်ရွက်ရန်၊ DSEZ အတွင်း လျှပ်စစ်ဓာတ်အား ရရှိရေး မြန်မာဘက်က ဆောင်ရွက်နေသည့် အစီအစဉ်များကို တင်ပြခြင်း၊ ၆။ DSEZ အတွင်း ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာရေး နှစ်ဘက် စလုံးက ဖိတ်ခေါ်သွားရန်၊ ၇။ (၁၀)ကြိမ် မြောက် အစည်း အဝေးကို ထိုင်းနိုင်ငံတွင် မကြာမီ ဆက်လက် ကျင်းပသွားရန် နှစ်ဘက်စလုံးက သဘောတူ အတည် ပြုကြကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုထဲတွင် ပါဝင်သော DSEZ ကို ယခင် အစိုးရလက်ထက်က တည်းက စတင် ဆောင်ရွက်ခဲ့သော်လည်း စီမံကိန်း တည်နေရာနှင့် ထိုတည်နေရာရှိ အခြေခံ အဆောက်အအုံများ၏ အခြေအနေအရပ်ရပ်ကြောင့် ကြန့်ကြာခဲ့ရခြင်း ဖြစ်ကြောင်း၊ ထိုင်းနယ်စပ် နှင့် စီမံကိန်းနေရာ အကြား ရာသီမရွေး သွားလာနိုင်သည့် လမ်းကောင်း မရှိခြင်း၊ မဟာ ဓာတ်အားလိုင်း နှင့် ချိတ်ဆက်မှု မရှိသော တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ တည်ရှိနေခြင်းတို့သည် အဓိက အားနည်းချက်များ ဖြစ်နေကြောင်း၊ ထိုနှစ်ချက်ကို ဦးစွာ ဖြည့်ဆည်းနိုင်ရေးတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်ဖက်သွား အဆင့်မြင့်လမ်း ပြီးစီးသည်နှင့် လျှပ်စစ်ဓာတ်အားပါ ရရှိရေးတို့ကို မရှေးမနှောင်းဖြစ်စေရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

အောက်တိုဘာ ၂ ရက်နှင့် ၃ ရက်တို့တွင်ကျင်းပခဲ့သော အဆိုပါ အစည်းအဝေး၏ ရလဒ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်မှ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့် ထိုင်းဘက်မှ ပို့ဆောင်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့တို့ ပူးပေါင်းပြီး ယနေ့ နေ့လယ်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.