Connect with us

Local

ဒေါ်လာဈေး တစ်ဒေါ်လာ ၁၃၉၅ ကျပ်အထိ စံချိန်သစ်တင်မြင့်တက်

အမေရိကန်ဒေါ်လာများအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ၏ ပြည်ပငွေကြေးလဲလှယ်မှုဈေးကွက် ၌ ဒေါ်လာဈေးသည် တစ်ဒေါ်လာ ၁၃၂၄ ကျပ်ခန့်မှစပြီး တအိအိမြင့်တက်လာခဲ့ရာ ဇွန်လကုန်ပိုင်းတွင်မူ ယနေ့တစ်ဒေါ်လာ ၁၃၉၅ ကျပ် အထိ စံချိန်သစ်တင် ၍ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက “လက်ရှိမှာ မြန်မာနိုင်ငံ Open Market Economy (တံခါးဖွင့်စီးပွားရေးစနစ်) ကျင့်သုံးနေတာဆိုတော့ နိုင်ငံတကာအတိုင်းပဲလေ။ ဒေသတွင်းနိုင်ငံတွေ နဲ့ အတူတူပဲ အမေရိကန် ငွေတန်ဖိုးတက်ရင် ကျွန်တော်တို့ငွေတန်ဖိုး ကျမယ်ပေါ့။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ အတိုင်းပဲ အတက်အကျဖြစ်နေတာပေါ့’’ ဟုဆင်ဟွာကိုပြောသည်။

ထိုသို့ဒေါ်လာဈေးတက်သော်လည်း ကမ္ဘာ့ရွှေဈေးမှာ ကျဆင်းခြင်း မရှိဘဲ တစ်အောင်စ ၁၂၅၇ ဒေါ်လာ ရှိသည်။ ယနေ့ဇွန်လ ၂၈ ရက်နေ့တွင် ဗဟိုဘဏ်မှ ဖွင့်သည့် တစ်ဒေါ်လာပေါက်ဈေးသည် ၁၃၉၅ ကျပ် ရှိပြီး ပြင်ပ တွင် တစ်ဒေါ်လာပေါက်ဈေး ကျပ် ၁၃၉၃ ကျပ်ရှိကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF) မှ ဒုတိယဥက္ကဋ္ဌ ၊UMFCCI မှ အမှုဆောင် ဒေါက်တာစိုးထွန်းက “အခုဈေးလောက် အထိဒေါ်လာဈေးက တက်သွားတာတော့ မဖြစ်ဘူးသေးဘူး။ လုပ်ငန်းရှင် တွေအနက် သွင်းကုန်လုပ်သူတွေ အခက်အခဲ ရှိတယ်။ မူဆယ်ဘက်မှာငွေလွှဲလုပ်သူတွေ ငွေလွှဲ မလုပ်နိုင်ဘူး။ အဲ့ဒါကြောင့် ဒေါ်လာရှားပါးတယ်။ ဒေါ်လာဈေးဆက်တက်ရင် စက်သုံးဆီ တို့၊ စားသုံးကုန်တို့တက်နိုင်တယ်။ မိုးတွင်းကာလဖြစ်တဲ့ အတွက် ပြည်ပပို့ကုန် သမားတွေက မပို့နိုင်သေးဘူး။ ဗဟိုဘဏ် က ညွှန်ကြားချက် ထုတ်ပြန်တာမကြားမိသေးဘူး’’ ဟုဆင်ဟွာကိုပြောသည်။

ဗဟိုဘဏ်၏ ငွေကြေးလဲလှယ်နှုန်းအားတွေ့ရစဉ် (ဓာတ်ပုံ–ဗဟိုဘဏ်)

ဒေါ်လာဈေးကွက်ကိုစောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “တစ်ခါမှ အခုလောက်အထိ မတက်ဖူးသေးဘူး။ ပြည်သူအတွက်တော့ ကုန်ဈေးနှုန်းတက်တာပေါ့။ ပြည်တွင်းမှာ ဖြစ်ခဲ့ တဲ့ အသေးအမွှားတွေကိုစုပြီး တက်သွားတာ။ ဇွန်လ ၂၇ ရက် မနေ့ကဆိုရင် တစ်နေ့ တည်း ၈ ကျပ်၊ ၁၀ အထိတက်သွားတယ်။ ပုံမှန်က ၂ ကျပ် ၃ ကျပ် ပဲ တက်လေ့ရှိတာ’’ ဟုဆင်ဟွာကိုပြောသည်။

ယခုဒေါ်လာဈေးတက်ခြင်းသည် တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာဈေးမာနေခြင်းဖြစ်သည့်အတွက် မြန်မာ နိုင်ငံတွင်ပါ ဒေါ်လာဈေးနှုန်းလိုက်တက်ခြင်းဖြစ်ကြောင်း စီးပွာရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ဒေါ်လာဈေးတက်တာ တစ်ကမ္ဘာလုံးမှာ ဖြစ်တဲ့ ကိစ္စပါ။ ပြည်တွင်းရောင်းလိုအား၊ ဝယ်လိုအားနဲ့လည်း ဆိုင်တယ်။ ဒီကိစ္စကိုထိန်းဖို့ မြန်မာနိုင်ငံမှာ အရံငွေအင်အားမရှိတော့မထိန်းနိုင်ဘူး။ တိုင်းပြည်တစ်ပြည်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ အချိန်မှာ အထိုက်အလျောက်တော့ ငွေကြေးဖောင်းပွမှုကရှိတယ်။ ပြည်ပသွင်း ကုန်တွေ တက်တယ်။ ငွေဈေးတက်နိုင်လား၊ ကျနိုင်လားတော့ သိပ်ပြီးမှန်းလို့မရဘူး။ နိုင်ငံခြားက အင်အားတောင့်တဲ့ ဗဟိုဘဏ်တွေကတော့ က ထိန်းနိုင်တယ်။ အခုဈေးလောက် အထိဈေးတက်တာတော့ မဖြစ်ဘူးသေးဘူး။ အရံငွေမှာ ဒေါ်လာမရှိတော့ လုပ်မရဘူးဖြစ်နေတာပေါ့။’’ ဟုဆင်ဟွာကိုပြောသည်။

အမေရိကန်နိုင်ငံ ၏ အတိုးနှုန်းကိစ္စ အပြင် ရပ်ဝန်း ဟွန်ဒီငွေလွှဲ (အဝေး) ရှားပါက ဒေါ်လာ ဈေးက တက်နိုင်ကြောင်း၊ ငွေလွှဲလုပ်ငန်း (အဝေး) စနစ် တွင် ငွေရှားသွား ပါက ပို့ကုန်ဝင်ငွေ နှင့် ဒေါ်လာ လဲလှယ်နှုန်း တက်လေ့ရှိကြောင်း ဦးစန်းဝင်းကဆိုသည်။

ဦးစန်းဝင်းက “ ဒေါ်လာပျောက်ရင် ပို့ကုန်ဝင်ငွေ ဈေးတက်မယ်။ ပို့ကုန်ရာသီမဟုတ်တော့ ပို့ကုန်ပစ္စည်းအထွက်မရှိတော့ ဒေါ်လာအဝင်မရှိဘူး။အခုဈေးက တော့ စံချိန်တင် အတက်ဆုံးပဲ။ တစ်ခါမှ ဒီဈေးလောက်မဖြစ်ဖူးသေးဘူး။’’ ဟုလည်းပြောခဲ့သည်။

လက်ရှိတွင် ဒေါ်လာ မှာဝယ်လိုအားများနေပြီး ရောင်းလိုအားနည်းနေကြောင်း၊ တချို့နေ့များတွင် ဝယ်လို အားများသည့်အတွက် ဒေါ်လာဈေးကွက်တွင် ပုံမှန်ထက်ရှား (ပစ္စည်းပျောက်) သွားကြောင်း ဒေါ်လာ ဝယ်ရောင်း တချို့ အားမေးမြန်းချက်အရသိရသည်။

စီးပွားရေးပညာရှင် ဦးရဲမင်းဝင်း က “တစ်ကမ္ဘာလုံးဒေါ်လာဈေးတက်တာ။ ဒေါ်လာရဲ့တန်ဖိုးတက်သွားတာပါပဲ။ တစ်ကမ္ဘာလုံးမှာ တက်တာပဲ။ ကျွန်တော်တို့တစ်နိုင်ငံတည်းတက်တာမဟုတ်ပါဘူး။ ကာလတစ်ခု အနေနဲ့ တော့ တက်နိုင်တယ်။ ငြိမ်သွားတဲ့ အချိန် ပုံမှန်ဈေးဖြစ်နိုင်တယ်။ အရင်နှစ်တွေမှာ ကျွန်တော်တို့ နိုင်ငံမှာ မိုးရာသီဆိုရင် ဒေါ်လာဈေးက သိပ်လှုပ်လှုပ်ရှားရှားမဖြစ်တတ်ဘူး။ သူများနိုင်ငံတွေ ဒေါ်လာဈေးပြန်ကျရင် ကိုယ်ပါလိုက်ကျမှာ။ ဒေါ်လာဈေးကလည်း ရောင်းလိုအားနဲ့ ဝယ်လိုအားပဲပေါ့။ ဝယ်သူတွေအနေနဲ့ ဝယ်လိုအား မရှိရင် ဈေးကျသွားနိုင်တယ်။’’ ဟုဆင်ဟွာကိုပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တစ်ဒေါ်လာ ၁၃၅၅ကျပ်ဈေးပေါက်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ တွင်တစ်ဒေါ်လာ ၁၃၄၈ ကျပ်ဈေးပေါက်ခဲ့သည်။

ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၅.၈၇ ရာခိုင်နှုန်းရှိပြီး၊ GDP တိုးတက်မှုနှုန်းသည် ၅.၉၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.