Connect with us

Local

နိုင်ငံ စီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက် လာစေရန် မြန်မာ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်း

နိုင်ငံတော် အထိမ်းအမှတ် အမှတ်တံဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သည့် မူဘောင်အတွင်းမှ အထူး စီးပွားရေးဇုန်များ တည်ထောင်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့ တို့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ဒုတိယ သမ္မတ(၂)ဦးဟန်နရီ ဗန်ထီးယူ ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ အတွင်းရေးမှူး အဖြစ် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့သည် အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းအတွက် အဆိုပြုချက်၊ သင့်လျော်သည့် နေရာ၊ လိုအပ်သည့် နယ်မြေ ဧရိယာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ် ပိုင်းခြား သတ်မှတ်ချက်တို့ကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ သဘောထား ရယူ စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း ၊ အထူးစီးပွားရေးဇုန်အလိုက် လုပ်ကိုင်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမျိုးအစားများ သတ်မှတ်ခြင်းနှင့် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြီးစား၊ အလတ်စားနှင့် အသေးစားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် သတ်မှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း စသည့် လုပ်ငန်း တာဝန်များ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဗဟိုလုပ်ငန်းအဖွဲ့အား ဥက္ကဋ္ဌ အဖြစ် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ၊ အတွင်းရေးမှူး အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၊ ညွှန်ကြားရေးမှူးချုပ်တို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့သည် စီမံခန့်ခွဲမှုကော်မတီ၊ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက တင်ပြသည့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး အဆိုပြုချက်၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆိုပြုချက်များ၊ အထူးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို စိစစ်ခြင်းနှင့် ဗဟိုအဖွဲ့သို့ တင်ပြခြင်း ၊ အထူးစီးပွားရေးဇုန်တွင် ဇုန်အမျိုးအစား၊ ဦးစားပေးလုပ်ငန်းများ၊ ဇုန်အလိုက် အကြီးစား၊ အလတ်စားနှင့် အသေးစားလုပ်ငန်းအမျိုးအစားများ သတ်မှတ်နိုင်ရေးအတွက် စိစစ်၍ ဗဟိုအဖွဲ့သို့ တင်ပြပြီး သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေးခြင်း ၊ နိုင်ငံတကာမှ အထူးစီးပွားရေးဇုန်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အခြား ဆောင်ရွက် သင့်သည့် အထူးစီးပွားရေးဇုန်များနှင့် နေရာဒေသတို့ကို လေ့လာ၍ ဗဟိုအဖွဲ့သို့ အကြံပြုတင်ပြခြင်း စသည့် လုပ်ငန်း တာဝန်များ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.