Connect with us

Local

မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်း လာသော မော်တော်ယာဉ်များ အပေါ် နိုင်ငံတော် အခွန်ဘဏ္ဍာ ငွေကျပ် ၁,၃၃၅,၆၇၈.၇၆ သန်းအား ကောက်ခံ ရရှိ

ပြည်ပမှ ကားတင်သွင်းမှု တိုးတက်လာခြင်းကြောင့် ရန်ကုန်မြို့တွင်း ကားအစီးရေ များပြား လာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မော်တော်ယာဉ် အစားထိုး စီမံချက် အပါအဝင် ပြည်ပမှ တင်သွင်း လာသော မော်တော်ယာဉ်များ အပေါ် လုပ်ငန်း စတင် ဆောင်ရွက်ခဲ့သည့် (၂၅-၁ဝ-၂ဝ၁၁) ရက်မှ (၂၄-၁၂-၂ဝ၁၅) ရက်အထိ အကောက်ခွန် လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျသင့်ခွန် များကို စည်းကြပ် ကောက်ခံ၍ ထုတ်ပေးပြီး ဖြစ်သည့် ယာဉ်စီးရေမှာ ၅ဝ၉,၆၃ဝ ရှိပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ အဖြစ် စုစုပေါင်း ငွေကျပ် ၁,၃၃၅,၆၇၈.၇၆ သန်းအား ကောက်ခံ ရရှိပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ အဖြစ် အကောက်ခွန် (CD) ငွေကျပ် ၇ဝ၆၈၉၆.၆၂ သန်း၊ ကုန်သွယ် လုပ်ငန်းခွန် (CT) ငွေကျပ် ၆၂၈,၇၈၂.၁၄ သန်း စုစုပေါင်း ငွေကျပ် ၁,၃၃၅,၆၇၈.၇၆ သန်းအား ကောက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကောက်ခွန် (CD) နှင့် ကုန်သွယ် လုပ်ငန်းခွန် (CT) များ စည်းကြပ် ကောက်ခံ၍ ထုတ်ပေးပြီး ဖြစ်သည့် ယာဉ်များ အနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၁၃၃,၆၈၆ စီး၊ ကား အရောင်းပြခန်းများ အတွက် ၁၁၃,၆၅၃ စီး၊ သင်္ဘောသား ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂,၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် အစီး ၇၃ဝ၊ ပြည်ပနေ အလုပ်လုပ်ကိုင်သူများ ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၄၃ စီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၁,၉၉၇ စီး၊ စစ်သံ အမှုထမ်း ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၁ဝ၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှုများ အတွက် ၂၅၆,၃ဝ၉ စီး တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)