Connect with us

Local

ရန်ကုန်စတော့အိပ်ချိန်း၏ စာရင်းဝင်အစုရှယ်ယာများကို နိုင်ငံခြားသားများ မတ် ၂၀ ရက်မှ စ၍ အရောင်းအဝယ် ပြုလုပ်နိုင်

ရန်ကုန်စတော့အိပ်ချိန်း အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန်စတော့အိပ်ချိန်း(YSX)၏ စာရင်းဝင်အစုရှယ်ယာများကို မတ် ၂၀ ရက်မှ စ၍ နိုင်ငံခြားသားများ စတင် အရောင်းအဝယ် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း YSX မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်းအဝယ် ပြုလုပ်ရာတွင် နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာအား ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်ကြော်ငြာစာအရ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်နိုင်ရန် ညွှန်ကြားချက်အား စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ၂၀၂၀ ပြည့်နှစ် မတ် ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်စတော့အိပ်ချိန်း၌ သတင်းမီဒီယာများနှင့် တွေ့ဆုံ ရှင်းလင်းစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခြင်း ဆိုင်ရာ ညွှန်ကြားချက်နှင့် ပတ်သက်၍ “နိုင်ငံခြားသားက ပြည်တွင်းနေ နိုင်ငံခြားသား ၊ ပြည်ပနေ နိုင်ငံခြားသား နှစ်ခုလုံး အကျုံးဝင်ပါတယ်။လူပုဂ္ဂိုလ် တစ်ဦးချင်းရော ၊ အဖွဲ့အစည်း  လိုက် ရင်းနှီးမြှုပ်နှံတာရော နှစ်ခုစလုံး အကျုံးဝင်ပါတယ်။”ဟု ယနေ့ မတ် ၁၃ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ရန်ကုန်စတော့အိပ်ချိန်း အနေဖြင့် စာရင်းဝင် ကုမ္ပဏီ တစ်ခုချင်းစီက သတ်မှတ်မည့် နိုင်ငံခြားသား ပါဝင်မှု အချိုးအစားကို မကျော်လွန်အောင် ထိန်းသိမ်းဆောင်ရွက်ခြင်း ၊ စာရင်းထပ်/စာရင်းပွားများ မဖြစ်စေရေးကို တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း YSX မှ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားခဲ့သည်။

ထို့အတူ စာရင်းဝင်ကုမ္ပဏီ တစ်ခုချင်းအလိုက် ခွင့်ပြုမည့် ရာခိုင်နှုန်းနှင့် စတင်မည့်နေ့ကို YSX Website တွင် သီးခြား ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ၊ Listed Company တစ်ခုချင်း၏ နေ့စဉ် နိုင်ငံခြားသားများ ဝယ်ယူပြီးသည့် ရှယ်ယာပမာဏကိုလည်း YSX Website တွင် နေ့စဉ် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် စတော့ အိပ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်တွင် အရောင်းအဝယ် စတင် ပြုလုပ်ခဲ့ပြီး ယခုအခါ စာရင်းဝင် ကုမ္ပဏီ ၆ ခု ရှိပြီ ဖြစ်ကြောင်း သိရသည်။(Xinhua)