Connect with us

Local

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီးလိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ တရုတ်နိုင်ငံမှ လေကြောင်းဖြင့် တင်သွင်း

တရုတ်နိုင်ငံမှ လေကြောင်းဖြင့် ရောက်ရှိလာသော အထည်ချုပ်လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာပြီး မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့  ဆိုက်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ကြမ်းပြတ်လပ်မှုကို အထောက်အကူ ဖြစ်စေရန် နှင့် အလုပ်သမားများ အလုပ်အကိုင် ဆက်လက် ရရှိစေရေးအတွက် ရည်ရွယ်၍ တရုတ်နိုင်ငံမှ အဆိုပါ အထည်ချုပ်လုပ်ငန်းသုံး ကုန်ကြမ်းများကို တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုန်ကြမ်း ပစ္စည်းများမှာ အထည်ချုပ်စက်ရုံ (၁၁) ရုံအတွက် အရေးပေါ် လိုအပ်လျက် ရှိသော ကုန်ကြမ်းများ ဖြစ်ပြီး တန်ချိန် ၁၅ တန်ခန့်ရှိကြောင်း သိရသည်။

COVID – 19 ရောဂါ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများ ကုန်ကြမ်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM ) တို့ ပူးပေါင်းစီစဉ်မှုဖြင့် အထည်ချုပ် စက်ရုံများ အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် လေကြောင်းလိုင်းများမှ တင်ပို့လျက်ရှိကြောင်း သိရသည်။ (Xinhua)