Connect with us

Local

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်း နှင့် ချေးငွေများအပေါ်တောင်းခံနိုင်သည့် အတိုးနှုန်း အား သုညဒသမ ၅ ရာခိုင်နှုန်းလျှော့ချကြောင်းထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အားတွေ့ရစဉ် (ဓာတ်ပုံ- Central Bank of Myanmar)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်း နှင့် ချေးငွေများအပေါ်တောင်းခံနိုင်သည့် အတိုးနှုန်း အား သုညဒသမ ၅ ရာခိုင်နှုန်းလျှော့ချလိုက်ကြောင်း  မတ် ၁၂ ရက် နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက  “လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုကောင်းမွန်စေဖို့  ငွေကြေးဈေးကွက် တည်ငြိမ်ဖို့ အတွက် ဗဟိုဘဏ် က အခုလို ဆောင်ရွက်ခဲ့တာလို့ထင်ပါတယ်။ ဘဏ်တိုးနှုန်းလျှော့ချတာကို ကြိုဆိုပါတယ်’’ ဟုဆင်ဟွာကို မတ် ၁၃ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အားတွေ့ရစဉ် (ဓာတ်ပုံ- Central Bank of Myanmar)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ပြင်ဆင်ထုတ်ပြန်လိုက်သော နှုန်းထားများအရ အပ်ငွေအပေါ် ဘဏ်များကပေးရမည့် အတိုးနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းထက် မနည်းအောင် ပေးရမည်ဖြစ်ပြီး ထုတ်ချေးသည့် ချေးငွေအပေါ် ဘဏ်များက ယူသည့် အတိုးနှုန်းကို ၁၂ ဒသမ ၅ ရာခိုင်နှုန်း အထက်မကျော်ရဟု သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်အရ သိရသည်။ ယခင်မူလ အတိုးနှုန်းသည် အပ်ငွေအပေါ် ၈ ရာခိုင်နှုန်းနှင့် ထုတ်ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း ဖြစ်သည်။

မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက “အပ်ငွေအပေါ်ရော၊ ချေးငွေအပေါ်ရော အတိုးနှုန်းလျှော့ချတာ ဖြစ်တယ်။ လက်ရှိ စီးပွားရေးတုန့်နှေးနေတဲ့ အချိန် မှာ အခုလို အတိုးနှုန်းလျှော့ချတာ ကို ကြိုဆိုပါတယ်။ အခုလျှော့ချတာ ပမာဏ နည်းပေမယ့် ကောင်းပါတယ်။ ဗဟိုဘဏ်ကြေညာချက်ထုတ်ပြီးတဲ့နောက် ငွေကြေးလဲလှယ်တဲ့ နှုန်းထား တည်ငြိမ်လာတာတွေ့ရတယ်’’ ဟု ဆင်ဟွာ ကို မတ် ၁၃ ရက်တွင်ပြောသည်။

“လက်ရှိအချိန်မျိုးမှာ ဘဏ်အတိုး နှုန်းကိုလျှော့ချပြီးဆောင်ရွက်တဲ့ ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက်ကို ကြိုဆိုပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ဆောင်ချက်ပါ ’’ ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆင်ဟွာကို မတ် ၁၃ ရက် တွင် ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းလျှော့ချခြင်း နှင့် ပတ်သက်သည့် ညွှန်ကြားချက်သည် ဧပြီလ (၁) ရက် တွင် စတင်အကျိုးသက်ရောက်စေရမည်ဟူ၍  ထုတ်ပြန်ချက်တွင်ပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117