Connect with us

Local

ရွှေ နှင့် ရွှေထည်ပစ္စည်းများ သြဂုတ် ၁၅ ရက်နောက်ပိုင်းမှ စ၍  ပြည်ပသို့တင်ပို့ မှုအေးစက် 

ရွှေဆိုင်တစ်ဆိုင်တွင် ရွှေလက်ဝတ်ရတနာများခင်းကျင်းထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) 

ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့် အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို တစ်ဆင့်ခံတင်ပို့သည့် Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုတော့ သည့်အတွက် သြဂုတ် ၁၅ ရက်နောက်ပိုင်းတွင် ရွှေနှင့်ရွှေထည်ပစ္စည်းများ ပြည်ပသို့ တင်ပို့ မှု အေးစက်သွားခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ သြဂုတ် ၁၈ ရက်တွင် ပြောသည်။

“ပြည်ပကိုရွှေတင်ပို့ရာမှာ L/C စနစ်နဲ့ပဲခွင့်ပြုတော့မယ်။  Telegraphic Transfer (T/T) စနစ်နဲ့  ခွင့်မပြုတော့ဘူး ဆိုပြီး ဒီရက်ပိုင်းမှာ တရားဝင် ထုတ်ပြန် လိုက်တယ်။      T /T နဲ့သွားတာက အဆင်ပြေတယ်။ နေ့စဉ် ပေါက်ဈေးအတိုင်းအရောင်းအဝယ်လုပ်တာကြတော့ အဆင်ပြေတယ်။ L/C နဲ့ ကြတော့ ငွေ က ၁ လ လောက်ကြာမှ ပြန်ရတော့ ရွှေဈေးတက်သွားတဲ့အခါ ရောင်းလိုက် တဲ့ငွေက ရှုံးသွားတာပေါ့။ အဲ့ဒါကြောင့် အမိန့်ထွက်ပြီး ဒီရက်ပိုင်းမှာ  ပြည်ပရွှေတင်ပို့မှုတွေလည်း အေးသွားတယ်။ ငွေကြေးခဝါချမှုတွေ လျော့နည်းဖို့ အခုလိုဆောင်ရွက်တာလို့ သိရတယ်။ ’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

L/C အကောင့်ဖွင့်ရခြင်း၊ ရွှေပြန်ပို့ခြင်း၊ ပိုက်ဆံပြန်လွှဲခြင်းတို့ ဆောင်ရွက်သည့်အခါ  ကုန်ကျစားရိတ်ပိုမိုမြင့်တက်ခြင်း နှင့်  အချိန်ကြန့်ကြာမှုရှိသည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန သို့တင်ပြထားကြောင်း ဆိုသည်။

ပြည်ပတင်ပို့ရာတွင် ကြန့်ကြာသည့်အပြင် လိုင်စင်လျှောက်ထားရာတွင်လည်း နှစ်ပတ်ခန့်ကြာမြင့်သောကြောင့် ရွှေလုပ်ငန်းရှင်များက L/C စနစ်ဖြင့် တင်ပို့သူလွန်စွာနည်းသွားကြောင်း ဦးမျိုးမြင့်၏  ပြောကြားချက်အရ သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့် သတ်မှတ်ချက်တွင် Grey List တွင်ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သည့်အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကိုအကြောင်းပြု၍ တရားမဝင်သည့်နည်းလမ်းဖြင့် ရရှိသောငွေကြေးများ ဝင်ရောက်နိုင်ခြင်းမရှိစေရန် သေချာစွာစိစစ်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယင်းပစ္စည်းများ တင်ပို့/တင်သွင်းခွင့် လိုင်စင်များကို L/C စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း T/T စနစ်ဖြင့် ခွင့်ပြုတော့မည်မဟုတ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမင်းမင်းက ဆင်ဟွာသို့ သြဂုတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.