Connect with us

Local

အမေရိကန်ဒေါ်လာ အတိုးနှုန်းများ မြှင့်တင်ပြီးနောက် မြန်မာ့နိုင်ငံတွင်လည်း ဒေါ်လာဈေး ဆက်လက်မြင့်တက်ဖွယ်ရှိနေ

ရန်ကုန်မြို့ ငွေကြေးဈေးကွက်၌ နိုင်ငံခြားငွေ လဲလှယ်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာ အတိုးနှုန်းများကို ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဗဟိုဘဏ် Fed က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မြှင့်တင်လိုက်ပြီးနောက် မြန်မာနိုင်ငံတွင်လည်း ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၃၀၄ ကျပ် နှင့် ယနေ့ ဈေးဖွင့်ခဲ့ပြီး ဒေါ်လာဈေးနှုန်းဆက်လက်မြင့်တက်နိုင်ကြောင်း ဒေါ်လာဈေးကွက် ကျွမ်းကျင်သူတချို့ က ထင်ကြေးပေးသည်။

စီးပွားရေးပညာ လေ့လာသူ ဦးသန်းစိုး(ဘောဂဗေဒ) က “ အခုလို အမေရိကန်က အမေရိကန်ဒေါ်လာ အတိုးနှုန်းများကို မြှင့်တင်လိုက်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ဒေါ်လာ ဝယ်လိုအား မြင့်တက်လာနိုင်သလို ကျွန်တော်တို့နိုင်ငံမှာလည်း ဒေါ်လာဝယ်လိုအား တက်နိုင်တယ်၊ ဒေါ်လာဈေးမြင့်နိုင်တယ်ပေ့ါ’’ ဟု ဆင်ဟွာကို ပြောသည်။

မြန်မာနိုင်ငံသည် သွင်းကုန် အများစု တင်သွင်းရသည့် နိုင်ငံဖြစ်သောကြောင့် ဒေါ်လာဈေးမြင့်တက်သည့် အချိန်တွင် ဗဟိုဘဏ်မှ အရံငွေကြေးများ ထုတ်ရောင်းရမည့် အနေအထားဖြစ်နိုင်ကြောင်း ဦးသန်းစိုးက ဆိုသည်။

ဒေါ်လာဈေးကွက် ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက“ ဒီနေ့တော့ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၃၀၄ ကျပ်နဲ့ ဈေးဖွင့်တယ်၊ ပြင်ပပေါက်ဈေးကတော့ တစ်ဒေါ်လာကို ၁၃၀၇ ကျပ်လောက်ရှိတယ်။ ဒေါ်လာက လက်ရှိမှာ ဝယ်လိုအားရှိနေသေးသလို ဆက်တက်မယ့် အနေအထားလည်း ရှိနေတယ်’’ ဟုပြောသည်။

ဒေါ်လာဈေးက မြန်မာတွင်သာမက ကမ္ဘာ့ငွေကြေး ဈေးကွက်၌ပါ ခိုင်မာလာသလို ဒေါ်လာဈေး အပြောင်း အလဲကြောင့် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၀၈၅ ဒေါ်လာမှ ၁၀၆၆ ဒေါ်လာ လောက် အထိ ဒေါ်လာ ၂၀ ဝန်းကျင် ဈေးကျခဲ့သည်။

ပန်းပဲတန်း အောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “ အမေရိကန် အတိုးနှုန်းမြှင့်တင်လိုက်ပြီးတဲ့နောက် ဒီနေ့မှာတင် ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၀၇၄ လောက်ကနေ ၁၀၆၄ လောက်အထိ ၁၀ ဒေါ်လာ လောက်ဈေးကျသွားတယ်၊ ရွှေဈေးကတော့ ဆက်အေးနိုင်မယ့် အနေအထားမှာ ရှိနေတယ်’’ ဟုပြောသည်။

ဒေါ်လာဈေးမြင့်တက်မှု နှင့် ပက်သက်၍ ဗဟိုဘဏ် အနေဖြင့် ရေရှည်အတွက် မဟာဗျူဟာ စီမံကိန်းချပြီး ဆောင်ရွက်သင့်ကြောင်း ဦးသန်းစိုးက ဆိုသည်။ (Xinhua)