Connect with us

Local

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရသော်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလား အလာကောင်းများရှိနေဆဲဖြစ်ကြောင်း ဆို

ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(၂၉)ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများကြုံတွေ့နေရသော်လည်း စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် အလား အလာကောင်းများရှိနေဆဲဖြစ်ကြောင်း ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(၂၉)ကြိမ်မြောက်၊ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့နိုင်ငံ တည်ရှိနေတဲ့ အာရှဒေသဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဒေသတွေ ထဲမှာ ပါဝင်နေခဲ့ပါတယ်။ အာရှဒေသထဲက မြန်မာနိုင်ငံအနေနဲ့ လည်း တိုးတက်မှုတွေ ဖြစ်ပေါ်ရရှိလာခဲ့ပါတယ်။ ဒီလိုမျိုး တိုးတက်မှုတွေ ရရှိလာခဲ့တာကို ပြန်ကြည့်ရင် အဝတ် အထည်နဲ့ ချည်ထည်လိုမျိုး လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းတွေ၊ ပို့ကုန် အခြေပြု ကုန်ထုတ် လုပ်ငန်းတွေကြောင့် ဖြစ်တာကို တွေ့ရှိရ ပါတယ်။ ဒေသတွင်းနိုင်ငံတွေမှာ ကုန်ထုတ် လုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ဟာ ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ ပိုပြီး ကောင်းမွန်တဲ့ နေရာဒေသတွေကို ရွေးချယ်လာ ကြပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ မဟာဗျူဟာကျကျ တည်ရှိမှု နဲ့ အာရှဒေသ အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေမှု စတဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်တွေကြောင့် မလွဲမသွေ ရွေးချယ် ရင်းနှီးမြှုပ်နှံရမယ့် နေရာဒေသတစ်ခုအဖြစ် ထည့်သွင်း စဉ်းစားလာကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံဖက်ကလည်း ရင်းနှီး မြှုပ်နှံမှုတွေ စီးဝင်လာအောင် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်ဖို့ အရေးကြီးပါတယ်။’’ ဟု ၎င်း၏ မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သော စီးပွားရေး လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်မှု အစီရင်ခံစာ (၂၀၂၀) တွင် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့မှု ဆောင်ရွက်နိုင်မှုမှာယခင်နှစ်က အဆင့် (၁၇၁) သတ်မှတ်ခဲ့ရာ မှယခုနှစ်တွင် (၁၆၅) အဖြစ် တိုးမြှင့်သတ်မှတ်ခံခဲ့ရကြောင်း၊ ထိုကဲ့သို့ အဆင့် (၆) ဆင့်တိုး တက်လာခဲ့သည့်အပြင် တိုးတက်မှုအရှိဆုံး နိုင်ငံ(၂၀) စာရင်းတွင်လည်း ပါဝင်လာခဲ့ကြောင်း ဆိုသည်။

“အခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု မှာ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၇ ဘီလီယံနီးပါး ရှိတဲ့အတွက် မြန်မာ့ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်း (MIPP)အရ ဒီနှစ် မျှော်မှန်းချက်ရဲ့ ၉၈ ရာခိုင်နှုန်း နီးပါး ရရှိပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လည်း ဒေသတွင်း က ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ စင်ကာပူလိုမျိုး မိတ်ဖက်နိုင်ငံတွေက နေ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်နေပြီး အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေရဲ့ရင်းနှီး မြှုပ်နှံမှုတွေ လည်း ဆက်လက်ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။’’ ဟုဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် COVID-19 ရောဂါသည် ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက်လိုအပ်ချက်နှင့် ဒီဂျစ်တယ်စနစ်၏ အရေးပါမှုကို မီးမောင်းထိုး ပြသနေကြောင်း၊ ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းမှု ဆောင်ရွက်သည့်အခါ ကြိုတင်ပြင်ဆင်ဆောင် ရွက်နိုင်မှုနှင့် စွမ်းဆောင်ရည်များဟာ မြန်မာနိုင်ငံ၏ ကာလရှည်ကြာ အောင်မြင်မှု အတိုင်း အတာကို အဆုံးအဖြတ် ပေးနိုင်မည့်အချက်တစ်ခုဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံအများစု အနေနှင့် ဒီဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းနေကြပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အများစုမှာ နောက်ကျကျန်ရစ်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာ့ အသေးစား၊ အငယ်စားနှင့်အလတ် စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာများအသုံးပြု၍ နိုင်ငံတကာသို့ လုပ်ငန်းများချဲ့ထွင်ကြရန် ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

##ဆင်ဟွာ #DawAungSanSuKyi #Business #UMFCCI #Xinhua