Connect with us

Local

မြန်မာ့သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် IFC မှ အမေရိကန် ဒေါ်လာ သန်း ၄ဝ ရင်းနှီးမြှုပ်နှံမည်

မြန်မာ့စက်မှုဆိပ်ကမ်းမှ ကုန်သေတ္တာများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ့သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) မှ ပထမဆုံး အကြိမ်အဖြစ် အမေရိကန် ဒေါ်လာ သန်း ၄ဝ ကို ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း IFC အဖွဲ့ထံမှ သိရသည်။

အဆိုပါ အမေရိကန် ဒေါ်လာသန်း ၄၀ ကို ချေးငွေအဖြစ် ပံ့ပိုး ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး အဆိုပါ ချေးငွေသည် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ အထိ အဆင့်ဆင့် ချေးငွေ အဆိုပြုချက်၏ ပထမအဆင့် ခွင့်ပြုလိုက်သည့် ထုတ်ချေးငွေ ဖြစ်ကြောင်း သိရသည်။

ပထမအဆင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄ဝ ကို မြန်မာနိုင်ငံ၏ အထင်ကရ ကွန်တိန်နာ ဆိပ်ကမ်း နှစ်ခု အနက်မှ တစ်ခုဖြစ်သော အဓိက ရေလမ်းဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး နေရာ တစ်ခုဖြစ်သည့် မြန်မာ့စက်မှု ဆိပ်ကမ်း အတွက် ပံ့ပိုး ကူညီခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုကြောင့် မြန်မာ့စက်မှု ဆိပ်ကမ်းသည် ပိုမို ဖွံ့ဖြိုးလာမည် ဖြစ်ကာ အပြည်ပြည် ဆိုင်ရာ သင်္ဘောလိုင်း များနှင့် ပြည်တွင်း ကုန်သည်များ၏ မြင့်မားလာသော ဝယ်လိုအားကို ဖြည့်ဆည်း ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မည် ဖြစ်ကြောင်း မြန်မာ့ စက်မှုဆိပ်ကမ်း ထံမှ သိရသည်။

အဆိုပါ ချေးငွေဖြင့် နှစ်စဉ် ကွန်တိန်နာပေါင်း ငါးသိန်းအထိ တိုးတက်ကိုင်တွယ် ဆောင်ရွက်သွားရန် မျှော်မှန်း ထားကြောင်း သိရသည်။ (Xinhua)