Connect with us

Local

နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃၃ သန်းကျော်ရှိ

ကန်ပိုက်တီးကုန်သွယ်ရေးစခန်းအား တွေ့ရစဉ်(ဓာတ်ပုံ - Commerce )

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၄၃ ဘီလီယံကျော်(အမေရိကန် ဒေါ်လာ ၃၃ သန်းကျော်) ရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၈၈ ကတ် ခွင့်ပြုထုတ်ပေးခဲ့ပြီး အဆိုပါ ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၄၃ ဘီလီယံကျော်တွင် ပို့ကုန်တန်ဖိုး ကျပ် ၃ ဒသမ ၂ ဘီလီယံကျော် နှင့် သွင်းကုန်တန်ဖိုး ကျပ် ၄၀ ဘီလီယံကျော် ရှိကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်မှုများအနက် မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း၌ ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏသည် အများဆုံးဖြင့် ကျပ် ၂၈ ဘီလီယံကျော်ရှိကြောင်း သိရသည်။၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ခွင့်ပြုထုတ်ပေးမှု ၊ ကုန်သွယ်မှု ပမာဏတို့မှာ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှင့် နှိုင်းယှဉ်ပါက လျော့နည်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ITC လက်မှတ် ၁၆၃ ကတ် ခွင့်ပြုထုတ်ပေးခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ ၅၉ ဘီလီယံကျော်တွင် ပို့ကုန်တန်ဖိုး ကျပ် ၉ ဒသမ ၃ ဘီလီယံကျော် ၊ သွင်းကုန်တန်ဖိုး ၄၉ ဒသမ ၆ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ကုန်သွယ်မှုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ယခင်နှစ်ထက်စာရင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်လောက် ဆောင်ရွက်နိုင်ခဲ့တယ်။စုစုပေါင်း ကုန်သွယ်မှုကို ကြည့်ရင် ကျမသွားဘူးပေါ့ ။ ITC အပိုင်းကတော့ ITC သဘောက နယ်စပ်နေ ပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် နှစ်ဘက် ဆွေးနွေးပြီး ရောင်းချဖို့ အတွက်ကို ဆောင်ရွက်ပေးတဲ့ အနေအထားပေါ့။ COVID-19 ကာလမှာ နှစ်ဘက် အနေအထားလေးတွေက ကျန်းမာရေး အနေအထားအရ အသွားအလာ ကူးလူးဆက်ဆံတာ နည်းသွားနိုင်တာကတော့ ဒါကတော့ ယူဆလို့ ရတယ်။ အဲဒီလို နည်းသလိုပဲ သူတို့ရဲ့ ကူးသန်းရောင်းဝယ်မှုကလည်း အနည်းနဲ့အများတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။ အဲဒါကြောင့်မို့ ဖြစ်ပါလိမ့်မယ်။” စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညီညီအောင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေး ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလ ၃၀ ရက်အထိ စုစုပေါင်း ITC ကတ် အရေအတွက် ၁,၇၇၅ ကတ် ထုတ်ပေးထားပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ ကျပ် ၂၁၂ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ တို့ ဖြစ်ကြောင်း သိရသည်။ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.