Connect with us

Local

မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန် One Stop Service Centre ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley ၌ စတင်ဖွင့်လှစ်

မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန် One Stop Service Centre ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley ၌ ဖွင့်လှစ်စဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေကို ကမ္ဘာ့ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရွှေ၊ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းဆိုင်ရာ တစ်နေရာတည်း ဝန်ဆောင်မှုလုပ်ငန်းစင်တာ One Stop Service Centre (OSSC)ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley ၌ စက်တင်ဘာလ ၂၄ ရက်နေ့ မှ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်က မြန်မာ့ရွှေများကို တရားမဝင်တင်ပို့ရောင်းချခြင်းများကြောင့် နိုင်ငံတော်အတွက် အခွန်ဆုံးရှုံးမှုများရှိခဲ့ကြောင်း One Stop Service Centre ကို အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော်အတွက် အခွန်အခများ ရရှိလာမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုဝင်ရောက်လာနိုင်ကာ နိုင်ငံခြားငွေကိုလည်း ရှာဖွေပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းမှ သိရသည်။

One Stop Service Centre မှ ရွှေဈေးနှုန်းအတည်ပြုမှုကို နိုင်ငံတကာ ရွှေဈေးနှုန်း စံသတ်မှတ်ချက်နှင့် ပြည်တွင်းရွှေဈေးနှုန်းတို့ပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း ရွှေနှင့်လက်ဝတ်ရတနာများ တင်ပို့၊ တင်သွင်းမှုများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ပြီး ဈေးကွက်အခြေ အနေအရ ထိန်းကွပ်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း OSSC မှ သိရသည်။

ယနေ့ပြုလုပ်သည့် One Stop Service Centre ဖွင့်ပွဲကို တက်ရောက် ဖွင့်လှစ်ပေးသည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ”One Stop Service Centerသည် တင်းကျပ်ရန်မဟုတ်ကြောင်း၊ ကြိုးနီစနစ်လိုမျိုး ယန္တရားလုပ်ရန် မဟုတ်ကြောင်း၊ ချက်ချင်းဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်ရန် အတွက်ဖြစ်ကြောင်း၊One Stop Service Centerသည် လွယ်လွယ်ကူကူ ရောင်းဝယ်နိုင်သည့် အခြေအနေတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် လည်း အကျိုးရှိလာမည်ဖြစ်ကြောင်း’’ ပြောသည်။

One Stop Service Centerတွင် အကောက်ခွန်ဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဌာန၊မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းနှင့် ဆက်စပ်အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ပြီး တင်သွင်း၊ တင်ပို့ သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း OSSC မှ သိရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ငါးနှစ်မှစပြီး ရွှေဈေးကွက် ဖွံ့ဖြိုးလာခဲ့ ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လွတ်လပ်သော ကုန်သွယ်ခွင့်ကို ယခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အပြီးသတ် တင်ပို့၊ တင်သွင်းခွင့်ကို စက်တင်ဘာ ၃ ရက်တွင် ခွင့်ပြုပေးခဲ့ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.