Connect with us

Agriculture

တရုတ်နိုင်ငံက မောင်းသူမဲ့ လျှပ်စစ်စွမ်းအင်သုံး လယ်ထွန်စက် တီထွင်ထုတ်လုပ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် လော့ရန်မြို့ရှိ စက်မှုဥယျာဉ်တစ်ခုတွင် မောင်းသူမဲ့ လျှပ်စစ်စွမ်းအင်သုံး လယ်ထွန်စက်ဖြင့် လယ်ထွန်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံရှိ လယ်ယာစိုက်ပျိုးရေး စက်ယန္တရားတီထွင်ဆန်းသစ်မှုစင်တာက မောင်းသူမဲ့ လျှပ်စစ်စွမ်းအင်သုံး လယ်ထွန်စက် ရှေ့ပြေးပုံစံကို ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေ့ပြေးလယ်ထွန်စက်ကို ချင်းဟွာတက္ကသိုလ်နှင့် တရုတ် သိပ္ပံအကယ်ဒမီတို့မှ အင်ဂျင်နီယာများနှင့် အရည်အသွေးရှိသူများကို စုပေါင်းထားသည့် လယ်ယာစိုက်ပျိုးရေး စက်ယန္တရားများ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှု အမျိုးသားအင်စတီကျူနှင့်အတူ စက်ပစ္စည်းကိရိယာ ဦးဆောင်ထုတ်လုပ်သူများဖြစ်သော YTO Group Corporation နှင့် Zoomlion Heavy Industry Science & Technology Co. Ltd တို့မှ ပူးပေါင်းတီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

မြင်းကောင်ရေ ၁၀၀ အားရှိပြီး ပျမ်းမျှ အချင်းဝက် ၅ မီတာအတွင်း ကွေ့ပတ်မောင်းနှင်နိုင်သော ဒီဇယ်အင်ဂျင်သုံး လယ်ထွန်စက်များနှင့် နှိုင်းယှဉ်ပါက “ET1004-W” ထွန်စက်သည် အချင်းဝက် ၃.၅ မီတာအတွင်း ကွေ့ပတ်မောင်းနှင်နိုင်သဖြင့် တရုတ်နိုင်ငံရှိ မြင်းကောင်ရေ ၁၀၀ အားရှိသော လယ်ထွန်စက်များ၌ အတိုဆုံး အချင်းဝက်ဧရိယာအတွင်း ကွေ့ပတ်နိုင်သည့် ထွန်စက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

5G cellular နည်းပညာအသုံးပြုထားပြီး အလိုအလျောက်မောင်းနှင်နိုင်သော အဆိုပါ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး ထွန်စက်ကို ဉာဏ်ရည်မြင့် လုပ်ဆောင်ချက်များစွာ ပြုလုပ်ရန် အဝေးကပင် ထိန်းချုပ်မောင်းနှင်နိုင်ကြောင်း သိရသည်။ (Xinhua)