Connect with us

Culture & Entertainment

စာပေအနုပညာ ကဏ္ဍအသီးသီးက ပညာရှင်များ အနုပညာကို အရည်အသွေးမြင့်မားစွာနှင့် လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်အောင် နိုင်ငံတော်က တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက်ရှိ

၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု နှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

စာပေအနုပညာ ကဏ္ဍအသီးသီးက ပညာရှင်များအနေဖြင့် ၎င်းတို့ရဲ့ အနုပညာကို အရည်အသွေးမြင့်မားစွာ နှင့် လွတ်လပ်စွာ ဖန်တီးပုံဖော် နိုင်အောင် နိုင်ငံတော်က တတ်စွမ်းသမျှ ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ဗီဒီယို မိန့်ခွန်းဖြင့် ပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်များ အချိုးအစား ညီမျှစွာ တိုးတက် ထွန်းကားမှသာ စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားလာမည်ဖြစ်သကဲ့သို့ အပြန်အလှန် အားဖြင့် စာပေအနုပညာနယ်ပယ် ကြီးပွားထွန်းကားသည်နှင့်အမျှ အသိပညာမြင့်မားသည့် ခေတ်မီ လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝလာပြီး မိမိတို့၏ နိုင်ငံသည်လည်း တိုးတက် ပြည့်စုံလာမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က စာပေဆုချီးမြှင့်ခြင်းများသည်လည်း မြန်မာနိုင်ငံ၌ ယခင်အစဉ်အဆက် ရှိခဲ့ကြောင်း၊ ယနေ့ ချီးမြှင့်မည့် အမျိုးသား စာပေ ဆုသည် နိုင်ငံတော်တွင် အဆင့်အမြင့်ဆုံး စာပေဆုဖြစ်ကြောင်း၊ ယင်းဆုသည် ၁၉၄၈ ခုနှစ်မှ စတင်ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် တစ်နှစ် တာအတွင်း ထွက်ရှိခဲ့သည့် လုံးချင်း ဝတ္ထုများထဲမှ အကောင်းဆုံးအဖြစ် ရွေးချယ်ခဲ့သည့် ဆရာမင်းအောင်၏ မိုးအောက်မြေပြင်ဝတ္ထုကို “စာပေဗိမာန် ကာလပေါ် ဝတ္ထုဆု”အမည်ဖြင့် ချီးမြှင့်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဆုအမည်ကို ယနေ့ အခေါ်အဝေါ်အနေဖြင့် “အမျိုးသားစာပေဆု”အဖြစ် သတ်မှတ်ခဲ့ပြီး ဆုအမျိုးအစားအရေအတွက်လည်း တိုးတက်လာသည့်အတွက် ယခုအခါတွင် စာပေကဏ္ဍ ၁၈ မျိုးအတွက် ဆုများ သတ်မှတ် ထားရှိပြီး ဖြစ်ကြောင်း၊ ကဏ္ဍ သို့မဟုတ် ဘာသာရပ် ၁၈ မျိုး ရှိသည့် အထဲမှ ယခုနှစ်တွင် ၁၀ မျိုးအတွက် ချီးမြှင့်နိုင်မည် ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ၂၀၁၉ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင် ဆရာကြီး ဦးညွန့် မောင် (မောင်မောင်ညွန့်-မန်းတက္ကသိုလ်) နှင့် စာရေးဆရာကြီးဦးအံ့မောင် (အံ့မောင်) (ကိုယ်စား) ဦးသောင်းဌေး တို့ကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသားစာပေ ဝတ္ထုရှည်ဆု ၊ အမျိုးသားစာပေ ဝတ္ထုတိုဆု ၊ အမျိုးသားစာပေ ကဗျာဆု ၊ အမျိုးသားစာပေ စာပဒေသာဆု ၊ အမျိုးသားစာပေ ဘာသာ ပြန် (သုတ)ဆု ၊ အမျိုးသားစာပေ ဘာသာပြန် (ရသ)ဆု ၊ အမျိုးသား စာပေ သုတပဒေသာ (ဝိဇ္ဇာ)ဆု ၊ အမျိုးသားစာပေ သုတပဒေသာ (အသုံးချသိပ္ပံ)ဆု ၊ အမျိုးသားစာပေ နိုင်ငံရေးစာပေဆု နှင့် အမျိုးသားစာပေရသစာတမ်း (အက်ဆေး) ဆု ရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အမျိုးသားစာပေတစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ၊ အမျိုးသား စာပေဆုများကို တစ်ဆုလျှင် ငွေကျပ် ၂၅ သိန်း ချီးမြှင့်ခဲ့ပြီး အမျိုးသားစာပေ တစ်သက်တာဆုများကို ၂၀၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ စာပေ ပညာရှင် ၃၁ ဦးကို ချီးမြှင့်နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.