Connect with us

Culture & Entertainment

“My People, My Country” ရုပ်ရှင်ဇာတ်ကားက တရုတ်နိုင်ငံ ရုံတင်စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်

“My People, My Country” ရုပ်ရှင်ဇာတ်ကားပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အနေဖြင့် ရိုက်ကူးထုတ်လုပ်ထားသော “My People, My Country” ရုပ်ရှင်ဇာတ်ကားသည် စက်တင်ဘာလ ၃၀ ရက် တရုတ်နိုင်ငံ ရုံတင်စာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း တရုတ် ရုပ်ရှင်ဆိုင်ရာ အချက်အလက်ကွန်ရက်က အောက်တိုဘာလ ၁ ရက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ အမျိုးသားနေ့ မတိုင်မီ တစ်ရက်အလို “My People, My Country” ဇာတ်ကားအား ရုံတင်ပြသသည့် ပထမဆုံးနေ့ဖြစ်သော စက်တင်ဘာလ ၃၀ ရက်တွင် ရုံဝင်လက်မှတ်ရောင်းအား ယွမ် ၂၈၄ သန်း (အမေရိကန်ဒေါ်လာ ၄၀.၁၅ သန်း) ရရှိခဲ့ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

Chen Kaige ဦးဆောင်သည့် ဒါရိုက်တာ ၇ ဦး ရုပ်ရှင်ဇာတ်လမ်းတို ၇ ခုပါဝင်သော အဆိုပါ ဇာတ်ကားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၁၉၄၉ ခုနှစ်ကစ၍ အရေးပါသော သမိုင်းဝင် အခိုက်အတံ့များ ပါဝင်ပြီး ကမ္ဘာတစ်ဝန်း တရုတ်ပြည်သူများ၏ အောက်မေ့ဖွယ် အမှတ်တရများ နိုးကြားလာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလက စီချွမ်လေကြောင်း ခရီးစဉ်အမှတ် 3U8633 ၏ အံ့အားသင့်ဖွယ် အရေးပေါ် ဆင်းသက်ခဲ့ရမှုကို ရုပ်ရှင် သရုပ်ဖော်ရိုက်ကူးပြသထားသည့် “The Captain” ဇာတ်ကားက လက်မှတ်ရောင်းအား ယွမ် ၂၀၅ သန်းနီးပါးဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

ထို့ပြင် “The Climbers” ဇာတ်ကားကမူ ယွမ် ၁၆၆ သန်းနီးပါး ဝင်ငွေရှိခဲ့ကာ တတိယနေရာတွင် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)