Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂ဝ၁၈ ခုနှစ်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မည်ဟု နှစ်သစ်ဆုမွန်ကောင်း စကားဆို

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ၂ဝ၁၈ ခုနှစ် နှစ်သစ်ဆုမွန် နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နှစ်သစ်ဆုမွန်ကောင်း စကားဆိုရာတွင် ၂ဝ၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုစကားဆိုခဲ့သည်။

“ ကျွန်တော်တို့ဟာ ပြုပြင်ပြောင်းလဲခြင်း နှစ် ၄ဝ ပြည့် အခါသမယ အခွင့်အခါကောင်းကို ဆုပ်ကိုင်ထားပြီး ၂ဝ၁၈ ခုနှစ်မှာ ပြုပြင်ပြင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့တံခါးဖွင့်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲခြင်း နဲ့တံခါးဖွင့်ခြင်း အရွေ့ဟာ မျက်မှောက်ခေတ်တရုတ်နိုင်ငံ တိုးတက်စေဖို့နဲ့တရုတ်လူမျိုးတွေရဲ့ မျှော်လင့်ချက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ကို ကျွန်တော်တို့ကဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သမ္မတရှီကျင့်ဖိန်က ဆိုသည်။

ပြုပြင်ပြောင်းလဲခြင်း ရှေ့ဆက်တက်လှမ်းနိုင်ရန် “ တောင်ကိုဖောက်၍ မြစ်ကို တံတားဆောက်အံ့” ဟူသော တရုတ်လူမျိုးများ၏ အဆိုအမိန့်တစ်ခုအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက နှစ်သစ်တွင် တရုတ်လူမျိုးအားလုံးကို နှုတ်ခွန်းဆက်သပါကြောင်း နှင့် တစ်ကမ္ဘာလုံးရှိ မိတ်ဆွေများအားလုံးကို ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ၂၀၁၈ ခုနှစ်သည် “ တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက်အမျိုးသားညီလာခံက ချမှတ်ခဲ့သော စိတ်ကူး ” ကိုပထမဆုံး စတင်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် နှစ်တစ်နှစ်ဖြစ်ကြောင်း မှတ်ချက်စကားဆိုခဲ့သည်။၎င်းစိတ်ကူးမှာ လာမည့် ဆယ်စုနှစ် ၃ ခုကျော်အတွင်း တရုတ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်မည့် ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ကမ္ဘာမြေပေါ်က တောင်ကုန်းတောင်တန်းနှင့်အတူ မားမားမတ်မတ် စတင်တည်ဆောက်ရပါမယ်” ဟု သမ္မတရှီက ဥပမာဆောင်ပြောကြားခဲ့ပြီး ရှေ့ခေတ်တရုတ်လူမျိုးများ၏ ဆိုရိုးစကားအတိုင်း ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း တဆင့်ပြီးတဆင့် လျှောက်လှမ်းရင်း သဘာဝအစစ်အမှန်တစ်ခုဆီသို့ ကြိုးကြိုးစားစား ထိုးဖောက်ဝင်ရောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဆင်းရဲနွမ်းပါးမှုအဆင့်တွင် နေထိုင်နေရသည့် ကျေးလက်နေပြည်သူအားလုံးကို လာမည့် ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်းရဲတွင်းမှဆွဲထုတ်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ယင်းမှာ တရုတ်နိုင်ငံ၌ နှစ်ထောင်ပေါင်းများစွာကာလအတွင်း တရုတ်လူမျိုးများကို ဆင်းရဲတွင်းမှ လွတ်ကင်းအောင် ပထမဆုံးလုပ်ဆောင်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်လာမည်။

“ ဒါဟာ ကျွန်တော်တို့ရဲ့ လေးနက်ခိုင်မာတဲ့ ကတိကဝတ်ပါ” ဟု ရှီကဆိုသည်။ “ ၂ဝ၂ဝ လွန်ဖို့အချိန် ၃ နှစ်ပဲကျန်ပါတော့တယ်။ ကျွန်တော်တို့တစ်ယောက်ချင်းစီဟာ အလုပ်လုပ်ရပါမယ် ၊ အကောင်းဆုံး လုပ်ရပါမယ် ၊ တစ်ယောက်ပြီး တစ်ယောက် အောင်မြင်မှုတွေ ပိုင်ဆိုင်ဖို့ရည်မှန်းချက်ထားအကောင်အထည်ဖော်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။

“ ဒါဟာ တရုတ်နိုင်ငံသားနဲ့ လူသားမျိုးနွယ်စု အတွက် သိပ်ကို ကြီးကျယ်ခမ်းနားတဲ့ သိပ်ကို အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။အဲဒါတွေ အကောင်အထည် ပေါ်လာဖို့အတူတကွလက်တွဲဆောင်ရွက်သွားကြပါစို့” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ ကြီးကျယ်သော အောင်မြင်မှုကို ပြည်သူများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၊ ပြည်သူများအတွက်ပင်ဖြစ်ကြောင်း နှင့် ပြည်သူများအကြားတွင် အဓိက တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ဖွယ်ရာများမှာ ပညာရေး ၊ အလုပ်အကိုင် ၊ ဝင်ငွေ ၊ လူမှုဘဝလုံခြုံမှု ၊ ကျန်းမာရေးဝန်ဆောင်မှု ၊ သက်ကြီးရွယ်အိုပြုစုခြင်း ၊ အိမ်ယာ နှင့် သဘာဝပတ်ဝန်းကျင်ကြိုတင်ကာကွယ်ရေး အစီအစဉ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

အချို့နေရာများတွင် ပြည်သူတို့၏ မျှော်မှန်းချက်အား ပြည့်ဝအောင် အစိုးရအနေဖြင့် အကောင်အထည်ဖော်ရန် ရှိနေသေးသည်ကို သမ္မတရှီက ဝန်ခံပြောကြားခဲ့ပြီး ပြည်သူများ စိုးရိမ်သောက ဖြစ်စရာ ကျန်ရစ်နေဆဲဖြစ်သည့် ကိစ္စရပ်များကို ဖြေရှင်းရန် ဆက်လက်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုစကားပြောကြားခဲ့သည်။

“ ဒါဟာ ဘာကြောင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစွာ ကျွန်တော်တို့အနေနဲ့လုပ်ဆောင်သင့်လဲ ဆိုတဲ့အချက်ပါပဲ။ ပြည်သူတွေရဲ့ လူမှုဘဝအဆင်ပြေစေဖို့အကောင်းဆုံး လုပ်ဆောင်သွားရပါမယ်” ဟု ရှီက ဆိုသည်။ “ ပါတီ နဲ့ အစိုးရအဖွဲ့ရဲ့ ကြီးမားသော နိုင်ငံရေး အောင်မြင်မှုတွေက ကျွန်တော်တို့ပြည်သူတွေကို အဆင်ပြေကောင်းမွန်စွာ နေထိုင်နိုင်ခွင့် ရစေခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာအရေးကိစ္စရပ်များနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေး တွင် စိုးရိမ်ပူပန်နေရသော ကိစ္စရပ်များအတွက် ကမ္ဘာကြီးသည်တရုတ်နိုင်ငံ၏ ရပ်တည်ချက် နှင့် အတွေးအခေါ်ကို မျှော်လင့်စောင့်စားနေကြကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

“ တာဝန်ခံမှုရှိတဲ့ နိုင်ငံကြီးတစ်နိုင်ငံအနေနဲ့တရုတ်နိုင်ငံမှာ ပြောစရာစကားတွေ ရှိပါတယ်” ဟု ရှီက ဆိုသည်။ “ တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂမှာ အခွင့်အာဏာ နဲ့နေရာ တစ်ခုကို ဆုပ်ကိုင်ထားပါတယ်။ နိုင်ငံတကာအရေးကိစ္စရပ်တွေမှာ သူ့ရဲ့တာဝန်တွေကို တက်ကြွစွာဖြင့် အပြည့်အဝ ဆောင်ရွက်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်မှာ တရုတ်နိုင်ငံက ကတိပြုထားတဲ့အတိုင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုကို တွန်းအားပေးဆောင်ရွက်ခြင်း ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို အစဉ်တစ်စိုက် တည်ဆောက်သူတစ်ဦးဖြစ်ခြင်း ၊ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ဆောင်ရွက်ခြင်း နဲ့နိုင်ငံတကာကိစ္စရပ်များကို ထိန်းသိမ်းဆောင်ရွက်ခြင်း” များလုပ်ဆောင်ခဲ့ကြောင်း ရှီက ဆိုသည်။

တရုတ်လူမျိုးများသည် အခြား ကမ္ဘာ့တိုင်းပြည်များမှ ပြည်သူများနှင့်အတူ ပိုမိုကြွယ်ဝချမ်းသာခြင်း ၊ လူသားများအတွက် ငြိမ်းချမ်းသော အနာဂတ်ဖန်တီးခြင်း နှင့် ပိုမိုကြွယ်ဝချမ်းသာသော လူမှုအသိုက်အဝန်းတစ်ခုဖြစ်အောင် လုပ်ဆောင်သွားရန် အသင့်ရှိနေကြောင်းလည်း ရှီက ပြောကြားခဲ့သည်။

၂ဝ၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက်တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံသည် တရုတ်နိုင်ငံအား ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံတော် တည်ဆောက်ရန် လမ်းမသစ်တစ်ခုကို ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ၂ဝ၁၇ ခုနှစ်အတွင်း အောင်မြင်မှုများမှာ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး(GDP) ယွမ်ငွေ ၈ဝ ထရီလီယံ( အမေရိကန်ဒေါ်လာ ၁၂.၃ ထရီလီယံ) ထိ ရှိလာခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်းအသစ်ပေါင်း ၁၃ သန်း ကိုဖန်တီးပေးခဲ့ခြင်း ၊ တရုတ်ပြည်သူ ၁.၃၅ ဘီလီယံအား အခြေခံကျန်းမာရေး အာမခံမှုပေးခဲ့ခြင်း နှင့် တရုတ်လူမျိုး ၁ဝ သန်းကျော်ကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲတင်နိုင်ခဲ့ခြင်းများ စွမ်းဆောင်နိုင်ခဲ့ကြောင်း ရှီက ဆိုသည်။

သမ္မတရှီက ပြည်သူများကို အဓိပ္ပါယ်ပြည့်ပြည့်ဝဝ ၊ ပျော်ပျော်ရွှင်ရွှင် နှင့် လုံခြုံမှုရှိစွာဖြင့် ပိုမိုသန်စွမ်းလာစေရန် ပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ယခုနှစ်တွင် ဂေဟစနစ်ပတ်ဝန်းကျင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ဟာ အားလုံးက လေးစားရတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ခြင်းကို အပြီးသတ်အကောင်အထည်ဖော်နိုင်ဖို့ အခြားအရေးကြီးတဲ့ အဆင့်တဆင့်ကို တက်လှမ်းသွားရပါမယ်” ဟု ရှီက ပြောသည်။

တရုတ်နိုင်ငံသည် ကြီးမားသောခရီးသည်တင်လေယာဉ် C919 မှ အစပြု၍ တစ်နာရီလျင် ၃၅ဝ ကီလိုမီတာအထိ မောင်းနှင်နိုင်သော Fuxing ဟု အမည်ပေးထားသည့် ကျည်ဆံရထားအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း ရှီက ပြောကြားခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် အဓိကစီမံကိန်းများ နှင့် သိပ္ပံ-နည်းပညာတီထွင်ဖန်တီးမှုအသစ်များ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ တရုတ်ပြည်သူတွေကို သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တီထွင်ဖန်တီးမှုများအတွက် ချီးကျူးဂုဏ်ပြုပါတယ်” ဟု သမ္မတရှီ ကဆိုသည်။

တရုတ်နိုင်ငံမြောက်ပိုင်း၏ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Zhurihe အခြေစိုက်လေ့ကျင့်ရေးတပ်စခန်းတွင် ပြုလုပ်သော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) တည်ထောင်ခြင်း နှစ်၉ဝပြည့် ဂုဏ်ပြု စစ်ရေးပြအခမ်းအနား ၊ တရုတ်နိုင်ငံသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း နှစ် ၂ဝ ပြည့် အမှတ်တရအခမ်းအနားများအပါအဝင် နန်ကျင်းအစုလိုက်အပြုံလိုက်အသတ်ခံရမှု နှစ်၈ဝ ပြည့် အောက်မေ့ဖွယ်အခမ်းအနားများတွင်လည်း သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် ၊ BRICS ရှီမန်ထိပ်သီးအစည်းအဝေး နှင့် CPC နှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ၏ အဆင့်မြင့်ကိုယ်စားလှယ်အဆင့်ဆွေးနွေးပွဲများ အပါအဝင် ကဏ္ဍစုံသံတမန်ဆက်ဆံရေးအခမ်းအနားများစွာကို လက်ခံကျင်းပခဲ့ကြောင်း ရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။

မတူကွဲပြားသော အရေးအရာများတွင် သက်ဆိုင်ရာ နိုင်ငံများ၏ သဘောထားအမြင်များ နှင့် နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြောင်း ၊ ၎င်းတို့အနက် ဒါဗိုစ့်မြို့(Davos)တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးညီလာခံ(World Economic Forum) နှင့် ဟမ်းဘတ်မြို့(Hamburg) ကျင်းပသော G20 ထိပ်သီးအစည်းအဝေးပွဲများ ပါဝင်ကြောင်း ရှီက ဆိုသည်။

“ ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ အကျိုးစီးပွားအပါအဝင် လူသားချင်းစာနာမှုအတွက် မျှဝေခံစားသော လူမှုအသိုက်အဝန်းတစ်ခုကို ပူးတွဲတည်ဆောက်ရန် အားလုံးက ပါဝင်ဆောင်ရွက်ခွင့်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ သမ္မတရှီကျင့်ဖိန်က လူနည်းစုဒေသများမှ ပြည်သူများမှလည်းကောင်း ၊ ပါမောက္ခများမှလည်းကောင်း နှင့် တက္ကသိုလ်ကျောင်းသားများထံမှလည်းကောင်း ပေးပို့သော စာများကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မဟာဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်သူလူထုရဲ့ မျိုးချစ်စိတ်နဲ့ကြိုးစားအားထုတ်မှုကြောင့် ရရှိလာခဲ့တဲ့အတွက် လူထုတစ်ရပ်လုံးကပဲ အဲဒီပျော်ရွှင်မှုအသီးအပွင့်ကို ပြန်လည်အကျိုးခံစားခွင့် ရှိသင့်ပါတယ်လို့ကျွန်တော့်အနေနဲ့ခံစားမိပါတယ်” ဟု တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။(Xinhua)