Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် အရေးသည် ပထဝီနိုင်ငံရေး အာဏာလွှမ်းမိုးရန် အပြိုင်အဆိုင် လုပ်ဆောင်ရာမှ ဖြစ်ပေါ်လာသည့် ကိစ္စရပ် ပင်ဖြစ်ကြောင်း စင်ကာပူ ကျွမ်းကျင်ပညာရှင် က ပြောကြား

တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပနေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် အရေးကိစ္စရပ်သည် အမေရိကန်နိုင်ငံ တိုးတက်နှုန်း ကျဆင်းမှုနှင့် တရုတ်နိုင်ငံ တိုးတက်မှုနှုန်း မြင့်တက်လာခြင်း တို့အကြား ဖြစ်ပေါ်လာသည့် ပထဝီဆိုင်ရာ နိုင်ငံရေး ကိစ္စရပ် တစ်ခုပင် ဖြစ်ကြောင်း စင်ကာပူ အမျိုးသား တက္ကသိုလ်ရှိ အရှေ့အာရှ ဋ္ဌာန ဒါရိုက်တာ Zheng Yongnian က ဇူလိုင်လ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

Zheng သည် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် တောင်တရုတ်ပင်လယ်နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ ဆွေးနွေးပွဲ၌ ယင်းသို့ မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက အမေရိကန် နိုင်ငံသည် ၎င်း၏ တစ်ဖက်သက် အမြင်များကို အခြေခံ၍ တရုတ်နိုင်ငံ တိုးတက်လာမှု အပေါ် မှားယွင်းသည့် စီရင်ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း၊ တကယ်တမ်း အနေဖြင့် တရုတ်နိုင်ငံသည် ဒေသတွင်း အမေရိကန်နိုင်ငံ၏ တည်ရှိနေမှုကို အသိအမှတ်ပြု ကြိုဆိုပြီး အမေရိကန် အနေဖြင့် တောင်တရုတ်ပင်လယ် အရေးတွင် ဘက်မလိုက်ဘဲ ကြားနေ ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
Zheng က “အကယ်၍သာ အမေရိကန်နိုင်ငံဟာ ဘက်မလိုက်ဘဲ ကြားနေရပ်တည်မှုကို ထိန်းသိမ်းထား နိုင်မယ်ဆိုရင် တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဆက်ဆံရေးကို တိုးတက်လာစေသည့် အခန်းကဏ္ဍ တစ်ခုအဖြစ် အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ သို့မဟုတ်ဘဲ အမေရိကန်နိုင်ငံ ဟာ ၎င်းရဲ့ မဟာမိတ်တွေကို အင်အား တောင့်တင်းအောင် လုပ်ဆောင်တဲ့ ဆန့်ကျင်ဖက်လမ်းကို ရွေးချယ်ပါက တစ်ချိန်ချိန် တွင် အတိုင်းအတာ တစ်ခု အထိ ၎င်း၏ မဟာမိတ်များကပင် ၎င်းအား အကျဉ်းအကျပ်အခြေအနေ သို့ရောက်ရှိအောင် ဖန်တီး ဆောင်ရွက်မှုကို တွေ့ကြုံမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

စင်ကာပူ အမျိုးသား တက္ကသိုလ်ရှိ အရှေ့အာရှ ဋ္ဌာန ဒါရိုက်တာ Zheng Yongnian အား မီဒီယာများက တွေ့ဆုံ မေးမြန်းနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တည်ငြိမ်ပြီး အပြန်အလှန် ဆက်နွယ်နေသည့် ပုံစံမျိုးတွင် တည်ရှိနေခဲ့သော်လည်း အာရှပစိဖိတ် ဒေသတွင် အမေရိကန် ပါဝင်လာခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ ဆက်ဆံရေးကို ပြောင်းလဲစေခဲ့ကြောင်း Zheng က ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ် အရေးကိစ္စအား ယာယီ ခုံရုံးဖွဲ့စီရင်မှု အပေါ် ဂျပန်နိုင်ငံ၏ တက်ကြွစွာ ပါဝင်မှုအပေါ် Zheng က ဂျပန်နိုင်ငံသည် အာဆီယံနိုင်ငံများ အပေါ် လွှမ်းမိုးနိုင်ရန်အတွက် ၎င်း၏ ကိုယ်ပိုင် ပထဝီ နိုင်ငံရေး လွှမ်းမိုးမှုကို တည်ဆောက်ရန် လိုအပ်လာပြီး ယင်းအချက်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇို အာဘေး အနေဖြင့် တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်နေခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Zheng က တရုတ်နိုင်ငံ တိုးတက်လာမှု၏ အဓိက အကြောင်းအရင်းမှာ စီးပွားရေး တိုးတက်လာမှုကြောင့် ဖြစ်ပြီး တောင်တရုတ်ပင်လယ် အရေးကဲ့သို့ ၎င်း၏ အမျိုးသား အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ တွင် တရုတ်အနေဖြင့် နောက်ဆုတ်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။
၎င်းက တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေးကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ပါက တောင်တရုတ်ပင်လယ် အရေးတွင်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ တရုတ်-အမေရိကန် ဆက်ဆံရေးသည် အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုကဲ့သို့ နှစ်နိုင်ငံ တိုက်ရိုက် ပထဝီ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ မရှိ၍ ၎င်းတို့နှင့် အနည်းငယ် ကွဲပြားနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.