Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံတွင် ကျင်းပ

တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ ၌ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ဝန်ကြီး ဟောင်း Zhao Qizheng က ဆွေးနွေး ပြောကြားနေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ (Think Tank Seminar on South China Sea and Regional Cooperation and Development) ကို စင်ကာပူနိုင်ငံ Grand Copthorne waterfront hotel တွင် ဇူလိုင်လ ၁၈ ရက်က ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ နယ်စပ်ဒေသ လေ့လာရေး တက္ကသိုလ်နှင့် တရုတ်လူမှုသိပ္ပံ အကယ်ဒမီ (Institute of Chinese Borderland Studies,Chinese Academy of Social Sciences) တို့မှ ပူးပေါင်း ကျင်းပပေးသည့် အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၂ဝ ကျော်တို့က စိတ်ဝင်တစား ဝင်ရောက် ဆွေးနွေးလျက် ရှိသည်။

ဆွေးနွေးပွဲတွင် အဓိက အကြောင်းအရာ ၃ ခုကို ဆွေးနွေးခဲ့ကြပြီး အဆိုပါ အကြောင်းအရာများမှာ ရေကြောင်းပိုင်နက် အငြင်းပွားမှုဆိုင်ရာ သဘောတူညီမှု အစိတ်အပိုင်း၊ အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အဖြေရှာခြင်း၊ တောင်တရုတ်ပင်လယ်နှင့် ဒေသတွင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။
ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ဝန်ကြီး (ဟောင်း) Zhao Qizheng က အဖွင့်မိန့်ခွန်းတွင် ပြောကြားရာမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ပြဿနာတွင် ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ပြန်လည်ညှိနှိုင်း အဖြေရှာခြင်းပင် ဖြစ်ကြောင်း၊ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို နှောင့်နှေးမည် မဟုတ်ကြောင်း၊ တောင်တရုတ်ပင်လယ်သည် တရုတ်နိုင်ငံ၏ ရေပိုင်နက်နှင့် အချုပ်အခြာအာဏာပိုင် ဒေသဖြစ်ကြောင်း အခိုင်အမာ ထပ်လောင်း ပြောကြားခဲ့သည်။
“ပြန်လည်ညှိနှိုင်း ဆွေးနွေးခြင်းကသာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ နည်းလမ်း ၂ မျိုးနဲ့ ကိုင်တွယ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ တစ်နည်းကတော့ နိုင်ငံတော်အဆင့် တာဝန်ရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းအဖြေရှာပြီး တောင်တရုတ်ပင်လယ် ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းမှာဖြစ်ပြီး နောက်တနည်းကတော့ တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်၏ တည်ငြိမ် အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးကို အတူတကွ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Zhao က ဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့က ဖိလစ်ပိုင် အစိုးရ၏ ဦးဆောင်မှုဖြင့် ခုံရုံးက ဘက်လိုက်သည့် ကြေညာချက် ထုတ်ပြန်သည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် လက်မခံကြောင်း၊ တောင်တရုတ်ပင်လယ်၏ အခွင့်အရေးသည် တရုတ်နိုင်ငံ၏ သမိုင်းဝင်အခွင့်အရေး ဖြစ်သည်ကို ပြတ်ပြတ်သားသား ရပ်တည်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် White Paper ခေါ်ကြေညာချက် စာတမ်းတွင် ၎င်း၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။
White Paper ကြေညာချက် စာတမ်းတွင် တရုတ်နိုင်ငံ အနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်း အဖြေရှာခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ မတူကွဲပြားသော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းတို့ဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ဖေါ်ပြထားသည့်အပြင် “ တရုတ်နိုင်ငံ အနေဖြင့် ၂ နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှ ၂ နိုင်ငံ စလုံး အကျိုးအမြတ်ကောင်း များစွာ ရရှိစေရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပြီး တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် ခင်မင် ရင်းနှီးမှုများကို တည်ဆောက်သွားရန် ကြိုးပမ်းလျက် ရှိကြောင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.