Connect with us

COVID-19 UPDATES

COVID-19 ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) ကို c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ရန်ကုန်မြို့၌ တရုတ်နိုင်ငံထုတ် Sinopharm COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေသော အမျိုးသားတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၉ ရက် တွင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ဆေးထိုး Electronic မှတ်တမ်း (English Version) အား ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm တွင် လျှောက်ထားရယူနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဧပြီ ၇ ရက်တွင် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာခရီးသွားလာမှုအတွက် မည်သည့် မိုဘိုင်းဖုန်း/ တက်ဘလက်နှင့်မဆို အသုံးပြုနိုင်သည့် QR code ပါရှိသည့် COVID-19 ရောဂါ ကာကွယ်ဆေးထိုး Electronic မှတ်တမ်း (COVID-19 Vaccination Electronic Certificate) (English Version) အား Online စနစ်ဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာဖြစ်သည့် c19vc.moh.gov.mm မှတဆင့် လျှောက်ထားရယူနိုင်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပါရှိသည်။

COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ၊ ကာကွယ်ဆေးထိုးအချက်အလက်များအား Vaccination Management Information System-VMIS စနစ်တွင် စာရင်းမှတ်တမ်းသွင်းပြီး VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် QR code, Check ID ပါသည့် ကာကွယ်ဆေးထိုးမှတ်တမ်း ရှိသူတို့မှာ Electronic Vaccination Certificate ကို လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားရာတွင် တင်သွင်းရန် လိုအပ်သည့်အချက်များမှာ
အွန်လိုင်းစနစ်ဖြင့် လျှောက်ထားသူမှ အမည်၊ အဘအမည်၊ Passport No.၊ VMIS စနစ်မှ မြန်မာဘာသာဖြင့် ထုတ်ပေးသည့် ကာကွယ်ဆေးထိုးမှတ်တမ်းပေါ်ရှိ Check ID (CHK_ID) နှင့် ဖုန်းနံပတ် စသည့်အချက်များကို ဖြည့်သွင်းရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (အရှေ့ဘက်)၊ Passport ၏ Bio data ပါသည့် စာမျက်နှာနှင့် VMIS-မြန်မာဘာသာဆေးထိုးမှတ်တမ်းဓါတ်ပုံများ တွဲ၍ လျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအချက်အလက်များဖြည့်သွင်းပြီးပါက mobile payment ဖြင့် လျှောက်ထားသူ တစ်ဦး လျှင် ငွေ(၅,၀၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ပြီး mobile payment အသုံးပြုမှုအတွက် transaction charge (၂၀၀)ကျပ် ပေးသွင်းရမည်ဖြစ်ကြောင်း၊ mobile payment အတွက် ကနဦးအနေဖြင့် CB Pay, Myanmar Citizen Pay, UAB Pay, KBZ Pay တို့အသုံးပြု၍ ငွေပေးသွင်းနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ပါရှိသည်။

Vaccination Certificate လျှောက်ထားသူများသည် အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလျှောက်ထားပါက ရုံးဖွင့်ရက် (၅)ရက်အတွင်း COVID-19 Vaccination Electronic Certificate အား c19vc.moh.gov.mm တွင် မိမိကိုယ်တိုင် ရယူနိုင်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရန် မိမိတို့ စတင်လျှောက်ထားစဉ်က ရရှိသည့် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ရယူရမည်ဖြစ်ကြောင်း၊ အချက်အလက်မပြည့်စုံသူများ၊ မှားယွင်းနေသူများအနေဖြင့် လိုအပ်သည့် ပြင်ဆင်မှုများဖြင့် ပြန် လည် လျှောက်ထားနိုင်ကြောင်းနှင့် ထိုကဲ့သို့ အမှားပြင်ဆင်ခြင်းအတွက် နောက်တစ်ကြိမ် ငွေထပ်မံပေးဆောင်ရန် မလိုအပ်ကြောင်း သိရသည်။

ထုတ်ပေးပြီးသည့် COVID-19 Vaccination Electronic Certificate ပျောက်ဆုံးပါက လည်း c19vc.moh.gov.mm တွင် Token Key နှင့် Check ID (CHK_ID) အသုံးပြု၍ ထပ်မံရယူခြင်း (download)ပြုလုပ်နိုင်မည်ဖြစ်ပြီး၊ သတင်းအချက်အလက်များထပ်မံသိရှိရယူလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ အီးမေးလ်ဖြစ်သော [email protected] သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။ (Xinhua)