Connect with us

CHINA

တရုတ်နိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ အထောက်အကူဖြစ်စေရန် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်း လျှော့ချမှုကို သက်တမ်းတိုးပေး

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၏ ညအချိန်မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး စီမံခန့်ခွဲသူများက နိုဗယ်လ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် လျှပ်စစ်ဓာတ်အား အသုံးပြုခ  ၅ ရာခိုင်နှုန်း လျှော့ချရေးမူဝါဒကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်လက် ထားရှိသွားရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။  

အဆိုပါ မူဝါဒကို မူလက ကပ်ရောဂါ သက်ရောက်မှုဖြစ်ပေါ်နေစဉ် ကာလအတွင်း စီးပွားရေးထိခိုက်မှု လျော့နည်းစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ဈေးနှုန်းလျှော့ချ ကောက်ခံရေးကို ဒီဇင်ဘာ ၃၁ ရက်ထိ ကာလတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်တွင် လျှပ်စစ်ဓာတ်အား အလွန်မြင့်မားစွာ အသုံးပြုသည့် လုပ်ငန်းများမှအပ ကျန်စီးပွားရေး လုပ်ငန်း အားလုံးအတွက် အကြုံးဝင်မည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC)က ဆိုသည်။

ယင်းဆုံးဖြတ်ချက်သည် စီးပွားရေးလုပ်ငန်း ကုန်ကျစရိတ်လျော့ကျစေရန် နှင့် အလုပ်အကိုင်ဈေးကွက် တည်ငြိမ်စေရန် ရည်ရွယ်ကြောင်း NDRC က မှတ်ချက်ပြုခဲ့သည်။ COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်း ကွင်းဆက်များ ပြတ်တောက်သွားခြင်း နှင့်  ဝယ်လိုအားကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ၊  တရုတ်အစိုးရ တာဝန်ရှိသူများက ဈေးကွက်အဖွဲ့အစည်းများကို အကာအကွယ်ပေးရန် ၊ အခြေခံ လူမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ၊ အလုပ်အကိုင် ရရှိရေး နှင့် အခွန်လျှော့ချရေးတို့၏ အရေးပါပုံအကြောင်းကို   ကြိမ်ဖန်များစွာ အလေးပေး ပြောကြားခဲ့သည်။ 

ဇွန် ၂၈ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများ၏ အမြတ်ငွေသည် COVID-19 ကပ်ရောဂါသက်ရောက်မှုကြောင့် ယခုနှစ် ပထမ ငါးလတွင် ယခင်နှစ် အလားတူကာလထက် ၁၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)