Connect with us

CHINA

တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျော်ဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့ ၉ ကြိမ်မြောက် တရုတ်-အာရပ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေကြစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများသည် COVID-19 ပူးတွဲတိုက်ဖျက်ရန် ၊ နယ်ပယ်စုံတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရုတ်-အာရပ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရာတွင် မျှော်လင့်ချက်အသစ်များကို လက်ခံရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ 

အဆိုပါ သဘောတူညီချက်များကို ၉ ကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဝန်ကြီးအဆင့်အစည်းအဝေးအတွင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းအစည်းအဝေးကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျော်ဒန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ အာရပ်အဖွဲ့ဝင်နိုင်ငံများ (Arab League) အထွေထွေအတွင်းရေးမှူး Aboul-Gheit ၊ AL အဖွဲ့ဝင်နိုင်ငံများအားလုံးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဝန်ကြီးအဆင့် အရာရှိများ တက်ရောက်ခဲ့ကြသည်။ 

ပြီးခဲ့သည့် အစည်းအဝေးကတည်းက တရုတ်-အာရပ် အေးအတူပူအမျှအသိုက်အဝန်းမှာ တိုးတက်လျက်ရှိကြောင်းနှင့် နှစ်ဘက်စလုံးအနေဖြင့် လတ်တလော သမိုင်းဝင်အမှတ်သညာပြုခြင်းဖြင့် နှစ်ဘက်ဆက်ဆံရေး မြှင့်တင်ခြင်းရေစီးကြောင်းကို ဖမ်းဆုတ်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောခဲ့သည်။ 

အစည်းအဝေးအတွင်း ဝမ်သည် COVID-19 တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်မှုနှင့် ညိနှိုင်းဆောင်ရွက်မှု ခိုင်မာစေရန်လည်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့်အတူ ကူးစက်ရောဂါတိုက်ဖျက်ရေး ထောက်ပံ့ရေး၊ အတွေ့အကြုံများ မျှဝေရေးနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ရေး၊ တရုတ်-အာရပ် ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဆောလျင်စွာ ကျင်းပရေး၊ ကာကွယ်ဆေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရေးနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေးပါသောအခန်းကဏ္ဍကို ထောက်ခံရေးများအတွက် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝမ်က ပြောခဲ့သည်။ COVID-19 ကို အကြောင်းပြု၍ နိုင်ငံရေးအသုံးချခြင်းနှင့် တံဆိပ်ကပ်သည့် အလေ့အထကို ဆန့်ကျင်ရန်နှင့် လူမျိုးရေးအရ အခြေအမြစ်မရှိသော မလိုမုန်းထားမှုနှင့် အတွေးအမြင်ဆိုင်ရာ ဘက်လိုက်မှုများအား ကန့်ကွက်ရန် နှစ်ဘက်စလုံးအား ဝမ်က ဆိုသည်။ 

ထို့ပြင် ဝမ်က တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အခိုင်အမာထောက်ပံ့ရန်နှင့် မျှတမှုနှင့် တရားမျှတမှုကို စောင့်ထိန်းရန်လည်း ပြောခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများအား ၎င်းတို့၏ နိုင်ငံရေးလုံခြုံမှုနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းရေးနှင့် လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရွေးချယ်ရေး၌ အခိုင်အမာထောက်ပံ့သွားမည်ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် ပါလက်စတိုင်းပြည်သူများ၊ အာရပ်ပြည်သူများနှင့်အတူ အပြည့်အဝ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၊ ရှင်းကျန်း၊ ထိုင်ဝမ်နှင့် အခြားပြည်တွင်းရေးများ၌ တရုတ်နိုင်ငံ၏ တရားဝင်အဆိုပြုချက်များကို အာရပ်နိုင်ငံများ၏ ထောက်ခံမှုအတွက်လည်း ကျေးဇူးတင်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ 

AL အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဝန်ကြီး ၂၁ ဦးတက်ရောက်သော အစည်းအဝေးက နှစ်ဘက်အကြာ အပြန်အလှန် ယုံကြည်မှုနှင့် ထောက်ခံမှုကို ချီးကျူးပြောဆိုခဲ့ပြီး COVID-19 တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ အရေးပါသော အောင်မြင်မှုများကိုလည်း မှတ်ချက်ပြုခဲ့ကြသည်။ 

ထို့ပြင် ၎င်းတို့သည် လာမည့်နှစ်နှစ်တာအတွင်း တရုတ်-အာရပ်ဆက်ဆံရေး အကြမ်းဖျင်းဖော်ပြထားသည့် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ နည်းပညာ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ၌ ဘုံဖွံ့ဖြိုးတိုးတက်မှု ရရှိရန် နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံနှင့် ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြသည်။ 

နိုင်ငံစုံပါဝင်ရေးဝါဒနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေး ကဲ့သို့သော နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို နှစ်ဘက်လုံးက စောင့်ထိန်းရန် မှတ်ချက်ပြုခဲ့ကြပြီး တရုတ်နိုင်ငံတွင် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အာရပ်နိုင်ငံများက အခိုင်အမာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းတို့သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထိန်းသိမ်းကြောင်း၊ ဟောင်ကောင်နှင့် ရှင်းကျန်းဒေသအရေးများတွင် တရုတ်နိုင်ငံ၏ သဘောထားများနှင့် အဆိုပြုချက်များကို ထောက်ခံကြောင်း နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးများ၌ ကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်ရန် အခိုင်အမာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ အစည်းအဝေးအတွင်း စည်းလုံးညီညွတ်မှုဖြင့် COVID-19 တိုက်ဖျက်ရေး ပူးတွဲကြေညာချက်၊ အမ်မမ်ကြေညာချက် (Amman declaration) နှင့် တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၂၀-၂၀၂၂ အတွက် လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။  (Xinhua)