Connect with us

CHINA

တရုတ် နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ သမ္မတ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့ က ဧပြီ ၁၆ ရက် ညပိုင်းအချိန် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု တစ်ရပ် ပြုလုပ် ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လက်ရှိချိန်တွင် COVID-19 ရောဂါ က ကမ္ဘာ့ အနှံ့ တွင် ပျံ့နှံ့ နေပြီး နိုင်ငံ အသီးသီး အနေဖြင့်လည်း ခက်ခဲသည့် ကပ်ရောဂါ တိုက်ဖျက်ရေး တာဝန်များ ကို ဆောင်ရွက်နေကြကြောင်း ၊ မိမိ နှင့် ရုရှား နိုင်ငံ သမ္မတ တို့က တစ်လ အတွင်း နှစ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ပိုမို ကောင်းမွန်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် ဖြစ်ပြီး တရုတ်-ရုရှား ဆက်ဆံရေး ၏ အဆင့်အတန်း မြင့်မားမှု ကိုလည်း ပေါ်လွင်စေခဲ့ကြောင်း ၊ မိမိ အနေဖြင့် ရုရှား နိုင်ငံ သမ္မတ ၏ ဦးဆောင်မှုအောက်တွင် ရုရှား နိုင်ငံ အနေဖြင့် ကပ်ရောဂါ ပျံ့နှံ့မှု ကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ရုရှား နိုင်ငံ ပြည်သူလူထု ၏ အသက်လုံခြုံရေး နှင့် ကျန်းမာရေး ကောင်းမွန်မှု ကို အာမခံချက်ပေး နိုင်ကာ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှု ပြန်လည်ကောင်းမွန်လာမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ရုရှား နိုင်ငံ တို့က တောတောင်ရေမြေချင်း ထိစပ်နေပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့ က စိတ်နှလုံးသားချင်း ချိတ်ဆက်နေကြကြောင်း ၊ တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်သည့် အခက်ခဲဆုံး အချိန်တွင် ရုရှား နိုင်ငံ က အားသွန်ခွန်စိုက် ကူညီထောက်ပံ့ခဲ့သည့် အပေါ် မိမိ တို့ အနေဖြင့် ခိုင်မြဲစွာ မှတ်သားထားကြောင်း ၊ လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ အစိုးရ စေလွှတ်ခဲ့သည့် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ က မော်စကို မြို့ တွင် သက်ဆိုင်ရာ လုပ်ငန်းများ အား တက်ကြွစွာ ဆောင်ရွက်နေပြီး ရုရှား နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများ မျှဝေပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ အား ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆက်လက်၍လည်း ရုရှား နိုင်ငံအား ခိုင်မြဲစွာ ထောက်ခံပေးသွားမည် ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ အတွင်း ရှိ တရုတ် နိုင်ငံ ပြည်သူလူထု အပေါ် တက်ကြွစွာ ဆောင်ရွက်ပေးသည့် ကိစ္စရပ်များ အပေါ် ကျေးဇူးတင်လိုပြီး ရုရှား နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ ပြည်သူလူထု တို့ က ပုံမှန် သွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကပ်ရောဂါ အား နိုင်ငံရေး အသွင်ဆောင်ရွက်ခြင်း နှင့် ခေါင်းစဉ်တပ်ခြင်း တို့ က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ကို ထိခိုက်စေပြီး တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုံခြုံမှု အတွက် ထိန်းသိမ်းပေးသွားရမည် ဖြစ်ကြောင်း ၊ တရုတ်-ရုရှား နှစ်နိုင်ငံ အနေဖြင့် ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း တွင် ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ် အား ရှာဖွေသွားရမည် ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ယခု ကပ်ရောဂါ ကြုံတွေ့ဖြတ်ကျော်မှုကြောင့် တရုတ်-ရုရှား နှစ်နိုင်ငံ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှု က ပိုမို ခိုင်မာအားကောင်းလာမည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေးသည်လည်း ပိုမို ခိုင်မြဲလာမည် ကို ယုံကြည်ကြောင်း အထူး ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာပူတင် က တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ ၏ စည်းလုံးညီညွတ်မှု ကြောင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွင် အရေးပါသည့် အောင်မြင်မှုများ ရရှိခဲ့ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီး ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ကပ်ရောဂါ စတင် ဖြစ်ပွားချိန်မှ စ၍ ရုရှား-တရုတ် နှစ်နိုင်ငံ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပြန်အလှန် ထောက်ခံအားပေးခဲ့ခြင်း က ရုရှား-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ၏ မဟာဗျူဟာကျမှု နှင့် အဆင့်အတန်း မြင့်မားမှု ကို ပေါ်လွင်စေခဲ့ကြောင်း ၊ အချို့သောသူများ ၏ ရောဂါပိုး အရင်းအမြစ် နှင့် ပတ်သက်၍ တရုတ် နိုင်ငံ အား နာမည်ဖျက်နေသည့် ဆောင်ရွက်မှုမျိုးကို လက်မခံနိုင်ကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် ဆက်လက်၍ တရုတ် နိုင်ငံ နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှု အား တိုးချဲ့ ဆောင်ရွက်သွားပြီး ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်း အသီးသီး တွင် အနီးကပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် တရုတ်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်တို့ က ဆက်လက်၍ တက်ကြွစွာ နည်းလည်းအမျိုးမျိုး ဖြင့် အနီးကပ်ဆက်ဆံရေး ထိန်းသိမ်းသွားရန် သဘောတူညီ ခဲ့ကြသည်။  (Xinhua)