Connect with us

CHINA

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်များ

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်များ (ဆင်ဟွာ)

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အများဆုံးဖြစ်ပွားခဲ့သည့် ဟူပေပြည်နယ်တွင် မြို့တော် ဝူဟန့်ရှိဆေးရုံမှ နောက်ဆုံးလူနာ ၁၂ ဦး ဆေးရုံမှဆင်းသွားပြီးနောက် ယခုအခါ COVID-19 လူနာကင်းစင်သွားပြီဖြစ်သည်။ နိုင်ငံတစ်ခုလုံးအနေဖြင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး တိုက်ပွဲကို အနိုင်ရရှိရန် ခြေတစ်လှမ်းနီးကပ်လာပြီဖြစ်သည်။

တရုတ်နိုင်ငံက ဘယ်လိုလုပ်ဆောင်ခဲ့သလဲ

အောက်ဖော်ပြပါ အဓိကသော့ချက်များက ဗိုင်းရပ်စ်တိုက်ဖျက်ရေး အောင်မြင်မှုကြီးတွင် မီးမောင်းထိုးပြနိုင်ပေမည်။ 

ကူးစက်ရောဂါ ထိန်းချုပ်ရန် လုပ်ဆောင်နိုင်သမျှအားလုံးလုပ်ပါ

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခု “ကူးစက်ရောဂါ ထိန်းချုပ်ရန်  လုပ်ဆောင်နိုင်သမျှအားလုံးလုပ်ပါ” (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် နိုင်ငံ့ခေါင်းဆောင်များသည် ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို အမြဲတစေ ထိပ်တန်းဦးစားပေးအဖြစ်မှတ်ယူကာ ပြည်သူများ၏ အကျိုးစီးပွားများကို အရာအားလုံး၏ အပေါ်တွင် ထားရှိခဲ့ကြသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ကူးစက်ရောဂါကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးရခြင်းမှ ရပ်တန့်ရန် လုပ်ဆောင်သင့်သည်ဟု ယူဆသည့်  မည်သည့်အရာကိုမဆို လုပ်ဆောင်သွားခြင်းပင်ဖြစ်သည်။ 

ရောဂါတိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံး တစ်သားတည်းဖြစ်ခြင်း

 

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခု “ရောဂါတိုက်ဖျက်ရေးအတွက် တစ်နိုင်ငံလုံးတစ်သားတည်းဖြစ်ခြင်း” (ဆင်ဟွာ)

တရုတ်နိုင်ငံသည် တစ်နိုင်ငံလုံးကို ဆော်ဩစည်းရုံးခဲ့ခြင်းဖြင့် “ပြည်သူ့စစ်ပွဲ” တစ်ခုအဖြစ် ရောဂါကို တိုက်ဖျက်ခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဝန်ထမ်း ၄၂,၀၀၀ ကျော်ကို ဟူပေပြည်နယ်သို့ စေလွှတ်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ အလုပ်သမားများကလည်း ဝူဟန့်သို့ အပြေးအလွှားသွားရောက်ကာ ဆေးရုံများကို အစမှအဆုံး အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ အရင်းအမြစ်များနှင့် ထောက်ပံ့ပစ္စည်းများကိုလည်း လမ်းကြောင်းလေးသွယ်မှ စုပေါင်းကာ ထောက်ပံ့ခဲ့ကြသည်။

စုစည်းမှု၊ ညှိနှိုင်းမှုဖြင့် တုံ့ပြန်ခြင်း

 

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခု “စုစည်းမှု၊ ညှိနှိုင်းမှုဖြင့်တုံ့ပြန်ခြင်း” (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရောဂါသက်သာရေးနှင့် ကုသရေး စုပေါင်းနည်းလမ်းများကို တည်ထောင်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အလွှာအားလုံးရှိ ပါတီကော်မတီဝင်များနှင့် အစိုးရအဖွဲ့များကလည်း ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်ရေး ညှိနှိုင်းခဲ့ကြပြီး ဗဟိုကချမှတ်ထားသော အမိန့်၊ ညှိနှိုင်းမှုနှင့် စေလွှတ်မှုများကို လိုက်နာဆောင်ရွက်ခဲ့သည်။

ရောဂါဖြစ်ပွားမှုပြင်းထန်သော မြို့များကို ဝင်ထွက်ခွင့်ပိတ်ထားခြင်း

တရုတ်နိုင်ငံ COVID-19 တိုက်ဖျက်ရေး၏ အဓိကသော့ချက်တစ်ခု “ရောဂါဖြစ်ပွားမှုပြင်းထန်သော မြို့များကို ဝင်ထွက်ခွင့်ပိတ်ထားခြင်း” (ဆင်ဟွာ) 

တရုတ်နိုင်ငံသည် ဝူဟန့်မြို့၌ ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ ၇၆ ရက်ကြာ ပြင်ပထွက်ခွာခွင့် လမ်းကြောင်းများကို ပိတ်ထားခဲ့ပြီး အခြေအနေများ တိုးတက်လာခဲ့သည်။ ဝူဟန့်မြို့ရှိ ပြည်သူများကလည်း စည်းကမ်းများကို လိုက်နာကျင့်သုံး၍ ကိုယ်ကျိုးစွန့်အနစ်နာခံမှုကို ပြသခဲ့ကြပြီး ၎င်းတို့၏ နေအိမ်များတွင် သီးခြားနေထိုင်လျက် စည်းလုံးညီညွတ်စွာ လိုက်နာဆောင်ရွက်ခဲ့ကြသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အထူးစောင့်ရှောက်မှုပေးခြင်း

ရောဂါဖြစ်ပွားမှုပြင်းထန်သော မြို့များကို ဝင်ထွက်ခွင့်ပိတ်ထားခြင်း “သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အထူးစောင့်ရှောက်မှုပေးခြင်း” (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရောဂါကူးစက်ခံရသည့်သူများ အသက်အရွယ်ကြီးသူများနှင့် လူငယ်များကို ကယ်တင်ရာတွင် ကြိုးပမ်းအားထုတ်မှုများကို ချွေတာခဲ့ခြင်းမရှိခဲ့ပေ။ ဝူဟန့်မြို့ရှိ အသက် ၈၀ နှစ်အထက် COVID-19 ကူးစက်ခံရပြီး သက်သာပျောက်ကင်းသွားသူနှုန်းမှာ ၇၀ ရာခိုင်နှုန်းနီးပါးရှိခဲ့သည်။ ထို့ပြင် ဝူဟန့်မြို့ရှိ အသက်ရာကျော်ရှိသော လူနာ ၇ ဦးလည်း ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြပြီး ၎င်းတို့အနက် အသက်အကြီးဆုံးမှာ ၁၀၈ နှစ်အရွယ်ရှိပြီဖြစ်သည်။ နိုင်ငံတစ်ဝန်း ကလေးငယ်များစွာလည်း ရောဂါပျောက်ကင်းသွားခဲ့ပြီး အငယ်ဆုံးကလေးမှာ ၂ လအရွယ် မိန်းကလေးဖြစ်သည်။  (Xinhua)