Connect with us

CHINA

ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံက G20 ကျန်းမာရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးတွင် တိုက်တွန်းပြောကြား

G20 အဖွဲ့ဝင်နိုင်ငံ ကျန်းမာရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးကို ဧပြီ ၁၉ ရက်တွင် ကျင်းပပြုလုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

G20 အဖွဲ့ဝင်နိုင်ငံ ကျန်းမာရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးကို ဧပြီ ၁၉ ရက် ညပိုင်းတွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်ဝန်ကြီး မာရှောင်ဝေက ဝူဟန့်မြို့မှနေ၍ ပါဝင်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

၃ လကြာ ခက်ခဲပင်ပန်းစွာ ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက် လက်ရှိ တရုတ်နိုင်ငံတွင် ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အခြေခံအားဖြင့် တားဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်ရေးများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မာရှောင်ဝေက ဆိုသည်။

တရုတ်နိုင်ငံ ကပ်ရောဂါကာကွယ်ကုသရေး၏ အဓိကအတွေ့အကြုံများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို မာရှောင်ဝေက မိတ်ဆက်ပြောကြားခဲ့ရာတွင် “ကျွန်တော်တို့အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးနည်းလမ်းတွေကို အဆက်မပြတ် ကောင်းမွန်ပြည်စုံအောင် ဆောင်ရွက်လျက်ရှိသလို အင်တာနက်အွန်လိုင်းစင်တာကတစ်ဆင့်  တရုတ်နိုင်ငံရဲ့နည်းလမ်းတွေကို မျှဝေပေးနေပါတယ်။ ဧပြီ လလယ်ပိုင်းအထိဆိုရင် ဗွီဒီယိုအစည်းအဝေး ၅၁ ကြိမ် ကျင်းပပြီးဖြစ်သလို နိုင်ငံအသီးသီးရှိ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးနယ်ပယ်ရှိ မိတ်ဆွေများနဲ့ နည်းပညာဖလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်”ဟု ဆိုသည်။ 

G20 အဖွဲ့ဝင်နိုင်ငံ ကျန်းမာရေးဝန်ကြီးများ ဗွီဒီယိုအစည်းအဝေးကို ဧပြီ ၁၉ ရက်တွင် ကျင်းပပြုလုပ်နေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် G20 အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေး၌ ရရှိထားသော COVID-19အရေး ဖြေရှင်းမှု သဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ ဘက်ပေါင်းစုံကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဦးဆောင်ညှိနှိုင်းဆောင်ရွက်မှုများကို ဆက်လက်အားပေးထောက်ခံသွားပြီး ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ဆောင်ရွက်သွားကာ  ကျန်းမာရေးစနစ်အားနည်းသည့် နိုင်ငံများ အတွက် လက်တွဲကူညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုအား ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများ ကူညီပံ့ပိုးထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံအား တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များစေလွှတ်ကာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနည်းပညာများ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗွီဒီယို အစည်းအဝေးတွင် G20အဖွဲ့ဝင်နိုင်ငံများ ၊ ဖိတ်ကြားထားသော နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ အပါအဝင် လူ ၄၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

နိုင်ငံအသီးသီးရှိ ကျန်းမာရေးဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း နိုင်ငံတကာအသိုက်အဝန်းအားလုံး တစ်လှေတည်းစီး၊တစ်ခရီးတည်းသွားကာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ COVID-19 ကပ်ရောဂါကို အမြန်ဆုံး အောင်မြင်စွာတိုက်ဖျက်နိုင်ရေး အတူကြိုးပမ်းကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.