Connect with us

INTERNATIONAL ORGANIZATION

COVID-19 က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ရှိနေကြောင်း WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) COVID-19 ဆိုင်ရာ အရေးပေါ်ကော်မတီက နှစ်ရက်ကြာ အစည်းအဝေး ပြုလုပ်ပြီးနောက် ကပ်ရောဂါသည် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ဆက်လက် ကျန်ရှိနေဆဲဖြစ်ကြောင်း အောက်တိုဘာ ၃၀ ရက်က တညီတညွတ်တည်း သဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ကပ်ရောဂါအခြေအနေနှင့် ယာယီ အကြံပြုချက်များ အပေါ်ဆောင်ရွက်ချက်တိုးတက်မှုများအား သုံးသပ်ရန် နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းများအရ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည်။

ကပ်ရောဂါသည် နိုင်ငံတကာစုပေါင်းညှိနှိုင်းတုံ့ပြန်မှုတစ်ခု ဆက်လက်လိုအပ်ကြောင်း ကော်မတီအဆိုအရ သိရသည်။

ထို့ပြင် ကပ်ရောဂါတုံ့ပြန်ရေး အပေါ်နိုင်ငံရေးအမြတ်ထုတ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အဓိကထိခိုက်မှုတစ်ခု ဖြစ်စေခြင်းကြောင့် နိုင်ငံများအနေဖြင့် ရှောင်ရှားရန် ကော်မတီက တိုက်တွန်းခဲ့သည်။ “အစိုးရတွေအနေနဲ့ ဗိုင်းရပ်စ် ကိုင်တွယ်ရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်မှု ရှောင်ရှားဖို့ အာရုံစိုက်သင့်ပါတယ်” ဟု Tedros က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

နိုင်ငံများအနေဖြင့် ကျန်းမာရေးစနစ်နှင့် လုပ်သားအင်အားတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ရောဂါဖြစ်ပွားမှုများအားလုံး စစ်ဆေးမှု၊ ခြေရာခံမှုနှင့် ကုသမှု လုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံသို့ COVID-19 ရောဂါဖြစ်ပွားမှု မူလအရင်းအမြစ်ကို ခွဲခြားရန် WHO ဦးဆောင်သည့် အနာဂတ် နိုင်ငံတကာမစ်ရှင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံတကာကျွမ်းကျင်သူအဖွဲ့သည် တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် ပထမဆုံး အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း Tedros က ကြေညာခဲ့သည်။

အဆိုပါ အစည်းအဝေးက နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများကို ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး COVID-19 ၏ တိရစ္ဆာန် အရင်းအမြစ် ခွဲခြားဖော်ထုတ်မှုတွင် ရရှိထားသော အချက်အလက်များ ဖလှယ်မှုတွင် အကူအညီဖြစ်စေကြောင်း WHO ၏ အရေးပေါ်ကျန်းမာရေး အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Mike Ryan က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.