Connect with us

INTERNATIONAL ORGANIZATION

လက်ရှိချိန်က COVID-19 ကပ်ရောဂါ၏ အရေးကြီးသည့်အချိန်ကာလဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ်  (Tedros Adhanom Ghebreyesus) က လက်ရှိချိန်တွင် တစ်ကမ္ဘာလုံး အထူးသဖြင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ နိုင်ငံများ၌ COVID-19 ကပ်ရောဂါက အရေးကြီးသည့်အချိန်ကာလတွင်ရောက်ရှိနေပြီး ရှေ့လာမည့်လများတွင် လွန်စွာခက်ခဲမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။

တက်ဒရော့စ် က အောက်တိုဘာ ၂၃ ရက်၌ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုချိန်က အောက်တိုဘာလသာဖြစ်ပြီး အမှန်စင်စစ်သောဆောင်းရာသီရောက်ရှိခြင်းမရှိသေးကြောင်း ၊ သို့သော်နိုင်ငံအများအပြားက ယခုလိုအချိန်တွင်ရောဂါကူးစက်ခံရမှုမြင့်တက်လာခဲ့ပြီး ဒေသအများအပြားရှိဆေးရုံနှင့် အထူးကြပ်မတ်ဆောင်များက ထမ်းဆောင်နိုင်မည့်ဝန်အပြည့်နီးပါးအထိ ရောက်ရှိလာကြောင်း ၊ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်မှုများကိုချက်ခြင်းဆောင်ရွက်ပြီး သေဆုံးမှုနှုန်းကျဆင်းအောင်ဆောင်ရွက်ကာ အခြေခံကျန်းမာရေးစနစ် ပျက်စီးမသွားအောင် တားဆီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်စီမံကိန်းနည်းပညာတာဝန်ခံ Maria Van Kerkhove ကသတင်းထောက်များ၏ မေးမြန်းမှုကိုဖြေကြားရာတွင် COVID-19 ရောဂါပိုးအရင်းအမြစ် နှင့်ပတ်သက်၍ နိုင်ငံတကာအစီအစဉ် က တည်ငြိမ်စွာဆောင်ရွက်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ပညာရှင်များနှင့်တွေ့ဆုံမှုပြုလုပ်ခဲ့ကာ မကြာမှီ သတင်းအချက်အလက်များ ထပ်မီရရှိမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့မြောက်ပိုင်းခြမ်းနိုင်ငံများက ဆောင်းရာသီသို့ဝင်ရောက်လာသည့်အလျောက် ကမ္ဘာ့COVID-19 ကူးစက်ခံရသူလူဦးရေမှာ ပိုမိုလျင်မြန်စွာမြင့်တက်လာခဲ့ပြီး အထူးသဖြင့် ဥရောပတိုက် နှင့် လက်တင်အမေရိကန် ဒေသတွင်ဖြစ်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်ကြေညာချက်အရ ကမ္ဘာပေါ်တွင် လွန်ခဲ့သည့် တစ်ရက်အတွင်း  COVID-19 ရောဂါ ကူးစက်ခံရသူ ၄၄၀,၀၀၀ ကျော်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၁.၅၇သန်းကျော်အထိ ရောက်ရှိခဲ့ကြောင်း ၊ စုစုပေါင်းကူးစက်ခံရသူများအနက် လက်တင်အမေရိကဒေသတွင် ၁၉.၁၇သန်းကျော် အထိရှိပြီး ဥရောပဒေသတွင် ကူးစက်ခံရသူစုစုပေါင်း ၈.၈သန်းကျော်အထိရှိကြောင်း သိရှိရသည်။  (Xinhua)