Connect with us

COVID-19 UPDATES

နေပြည်တော် ဘောဂသီရိကားဝင်းနှင့် မြို့မဈေးကားဝင်းတို့တွင် ဒီဇင်ဘာ ၄ ရက်မှစ၍ Lockdown ချထား

နေပြည်တော်ဘောဂသီရိကားကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

နေပြည်တော် ဘောဂသီရိကားဝင်းနှင့် မြို့မဈေးကားဝင်း အတွင်းရှိ ‌ရွှေစင်စင်္ကြာကားဂိတ်များမှ ယာဉ်မောင်းနှင့် ဂိတ်တာဝန်ခံဝန်ထမ်းများတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် သက်ဆိုင်ရာနေရာများအား ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းမှစ၍ Lockdown ချထားကြောင်း နေပြည်တော်မ.ထ.သ (အဝေးပြေး) ဥက္ကဋ္ဌ ဦးဝင်းဆွေက ဆင်ဟွာသို့ ဒီဇင်ဘာ ၅ရက်တွင် အတည်ပြုပြောကြားသည်။

“ အခုကတော့ Lockdown ဆက်ချထားတယ်။ ရွှေစင်စင်္ကြာယာဉ်မောင်း တစ်ဦး COVID-19 ရောဂါကူးစက်ခံရပြီး ထိတွေ့မိသူ ရှစ်ဦးကို စစ်ဆေးရာမှာတော့ ငါးဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်း ၆ ဦးပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ ရွှေစင်စင်္ကြာဘေးက အခန်း ၂ခန်းက အမြဲတမ်းနေထိုင်သူတွေက ဒီနေ့ ပုဗ္ဗသီရိဆေးရုံမှာ ဆေးစစ်ဖို့သွားတယ်။ သူတို့ရဲ့ အဖြေကတော့ မသိရသေးပါဘူး’’ ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် အဆိုပါ ပိုးတွေ့လူနာများနေထိုင်သည့် ဘောဂသီရိကားကြီးကွင်းရှိ တိုက်ခန်းအမှတ်(၁)မှ(၈)အထိနှင့် တိုက်ခန်းအမှတ်(၂၅)မှ (၃၂)အထိ တိုက်ခန်းတို့ကို Lockdown များ ချထားပြီး ဘောဂသီရိကားကြီးကွင်းအတွင်းရှိ စားသောက်ဆိုင်များ အားလုံးကိုလည်း ယာယီပိတ်ခိုင်းထားကြောင်း၊ ထို့ပြင် မြို့မဈေးရှိ ရွှေစင်စင်္ကြာဂိတ်ရှိသည့် နေရာနှင့်အနီးနေရာများတွင်လည်း Lockdown ချထားကြောင်း သိရသည်။

“အခု ကျွန်တော်ပြောတဲ့ နေရာတွေကတော့ Lockdown ချထားတယ်။ ဒါပေမယ့် ပုံမှန်ကုန်ပစ္စည်းပို့တဲ့ကားတွေ၊ ပါဆယ်ပို့တဲ့ကားတွေကတော့ သွားလာနေတာရှိပါတယ်။ ခရီးသည်တွေတော့ လက်ရှိမှာသွားလာမှုမရှိပါဘူး’’ ၎င်းကဆက်ပြောသည်။

ယင်းကားဝင်းများတွင် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး Lockdown မချထားသည့်နေရာမှ ကားများပုံမှန်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။ (Xinhua)

#NayPyiTaw #BawGaThiri #Lockdown #MyomaMarket #Xinhua  #နေပြည်တော်က #ကားဝင်းနှစ်ခု #Lockdown ချထား #ဆင်ဟွာ