Connect with us

MYANMAR

ပြည်ပအလုပ်အကိုင် စေလွှတ်မှုများအား COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့် အနေဖြင့် ယာယီ ရပ်နားထား 

ရန်ကုန်မြို့တွင်း၌ နှာခေါင်းစည်း တပ်ဆင်၍ သွားလာနေသော ဆောက်လုပ်ရေး အလုပ်သမား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည်ပသို့အလုပ်အကိုင် စေလွှတ်မှုများ ယာယီ ရပ်နားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ယနေ့တွင် ပြောကြားခဲ့သည်။

“ဒီအချိန်ကတော့ COVID-19 ကို ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ပြီးတော့မှ နိုင်ငံအသီးသီးက ဆောင်ရွက် နေကြပါတယ်။ တစ်ဘက်မှာလည်း သူ့နိုင်ငံတွေ ဝင်လမ်း ၊ ထွက်လမ်းတွေကို တော်တော်များများ ပိတ်တာတွေ ၊ စိစစ်တာတွေကို အပြင်းအထန် လုပ်လာပါပြီ။ မြန်မာနိုင်ငံကလဲ ပြည်ပနိုင်ငံကို စေလွှတ်တဲ့ နေရာမှာ ဥပမာ ထိုင်း ၊ မလေးရှား ၊ ဂျပန် ၊ စင်္ကာပူ အဲဒီနိုင်ငံတွေ တော်တော်များများမှာလဲ ဒီရောဂါက ရှိနေတာပေါ့။အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ နိုင်ငံတော်က အကြီးအကဲတွေက စဉ်းစားတာပေါ့။ဒီကာလလေးမှာ အကျိုးထက် အပြစ်ပေါ့။ရောဂါဖြစ်သွားရင် ကုရတာက ကုန်ကျစရိတ် ပိုကြီးသွားပြီလေ။ဒီဟာက ကူးစက်လဲ မြန်နေတယ်လေ။ဒါကို ထိန်းသိမ်းကာကွယ်ဖို့ လိုတာ ဖြစ်တဲ့ အတွက် အလုပ်သမားတွေကိုတော့ ယာယီ ရွှေ့ဆိုင်းလိုက်တာပါ။ ခဏပါ ။ ရောဂါကို ဖြတ်ထုတ်နိုင်လိုက်မှ အကုန်လုံး အတွက် အကျိုးရှိမှာ ဖြစ်တဲ့ အတွက် ဒီလို ဆောင်ရွက်ရတာပါ။”ဟု အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ပအလုပ်အကိုင် စေလွှတ်ရေး လုပ်ငန်းစဉ်များ ယာယီရပ်ဆိုင်းကြောင်းကို မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် နှင့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ အားလုံးထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။ 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ တစ်ဆင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် ပြည်ပ အလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြားထုတ်ယူခြင်းများကိုလည်း မတ် ၁၈ ရက်တွင် ရပ်နားထားကြောင်း သိရသည်။ 

ပြည်ပအလုပ်အကိုင် စေလွှတ်ရေး လုပ်ငန်းစဉ်များ ပြန်လည်ဆောင်ရွက်ခွင့်ပြုမည့် အခြေအနေကို ထပ်မံ အကြောင်းကြား သွားမည် ဖြစ်ကြောင်း သိရသည်။ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုများ အရ ဖေဖော်ဝါရီလတွင် ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ဦးရေမှာ ၂၇၃၃၀ ဦး ရှိပြီး ထိုင်း ၊ မလေးရှား ၊ ဂျပန်နိုင်ငံများသို့ အများဆုံး စေလွှတ်ခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့် နိုင်ငံခြားသားကို မဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို မတ် ၁၉  ရက်မှစတင်၍ ယာယီ ပိတ်ပင်တားမြစ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)