Connect with us

MYANMAR

မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများအားလုံး နိုင်ငံအတွင်းမှ ထွက်ခွာရန် အကြံပြု ၊ ဗြိတိန်သံရုံးရှိ တစ်ချို့သော ဝန်ထမ်းများနှင့် မှီခိုသူများအား ပြန်လည်ခေါ်ဆောင်ထား 

မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးမှ ကြေညာထားမှုအား တွေ့ရစဉ်(ဓာတ်ပုံ - UK in Myanmar)

ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများအားလုံး ဖြစ်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ အတွင်းမှ ထွက်ခွာရန် ဗြိတိန်နိုင်ငံမှ အကြံပြုချက်အား မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးမှ ကြေညာခဲ့ပြီး ဗြိတိန်သံရုံးရှိ တစ်ချို့သော ဝန်ထမ်းများနှင့် မှီခိုသူများအား ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားမှုသည် မြန်မာနိုင်ငံ၏ ဆေးဘက် ဆိုင်ရာ ဆောင်ရွက်မှုအပေါ် သိသိသာသာ ဖိအားပေးလိမ့်မည်ဟု မျှော်လင့်ရပြီး ၎င်းတို့အနေဖြင့် ပုံမှန် စောင့်ရှောက်မှု ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ၊ နိုင်ငံ၏ လေကြောင်းလိုင်းများသည်လည်း ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဖျက်သိမ်းနိုင်သည့် အန္တရာယ်ရှိကြောင်း မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးမှ မတ် ၁၇ ရက်စွဲဖြင့် ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ ထွက်ခွာရန် အတွက် ဗြိတိန်နိုင်ငံသားများသည် ကိုယ်တိုင် အစီအစဉ် ပြုလုပ်သင့်ကြောင်း ၊ မိမိတို့ အနေဖြင့် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော အခြေအနေများမှသာ ထွက်ခွာရန် ကူညီပေးသွားမည် ဖြစ်ပြီး ယင်းအစီအစဉ်အား မြန်မာနိုင်ငံ အတွင်း၌ လုပ်ဆောင်ပေးမည်ဟု မမျှော်လင့်ရန် ကြေညာချက်တွင် ရေးသားထားသည်။

ဗြိတိန်သံရုံးရှိ တစ်ချို့သော ဝန်ထမ်းများနှင့် မှီခိုသူများအား ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ၊ ကောင်စစ်ဝန် အကူအညီပေးရန် အပါအဝင် အရေးပါသော လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရန် လိုအပ်သည့် ဝန်ထမ်းများ ဆက်လက် ရှိနေသေးကြောင်း ၊ မြန်မာနိုင်ငံရှိ ဗြိတိန်နိုင်ငံသားများအတွက် အကူအညီပေးနိုင်ရန် ဖုန်းနံပါတ် +95 (0)1370863 အား ၂၄ နာရီလုံး ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသည်။ (Xinhua)