Connect with us

MYANMAR

COVID-19 အတည်ပြုလူနာများအနက် ရောဂါလက္ခဏာပြသူများတွင် အနံ့မရခြင်းက အများဆုံးဖြစ်နေ 

COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးရန် swab ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) 

COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါလက္ခဏာပြသူ ၃၅ ရာခိုင်နှုန်းတွင် အနံ့မရခြင်းသည် အများဆုံး ဖြစ်နေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“လူ ၁၃၃၇၃ ယောက်မှာ ၆၅ ကနေ ၇၀ ရာခိုင်နှုန်းက ပိုးတွေ့တယ်။ သို့သော် ရောဂါလက္ခဏာ မပြဘူး ။ ဒါဆိုရင် ၁၀၀ မှာ ၃၅ ရာခိုင်နှုန်းလောက်က ပိုးလဲတွေ့တယ်။ ရောဂါလက္ခဏာလဲ ပြတယ်။ ရောဂါလက္ခဏာ ပြတဲ့ ၃၅ ရာခိုင်နှုန်းလောက်မှာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ခွဲခြမ်းစိတ်ဖြာထားတာ ဖြစ်ပါတယ်။ အဲဒီမှာတော့ အများဆုံးမှာ အနံ့မရဘူး ဆိုတာက ဖျားတာထက် ပိုပြီး ထိပ်ဆုံးရောက်လာတာ ဖြစ်ပါတယ်။ ဒါက ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ ဖျားတာက ၅၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒါက ၁၃၃၇၃ ယောက်မှာ တွေ့ရှိတဲ့ ရာခိုင်နှုန်း မဟုတ်ပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ ရောဂါပိုးတွေ့ရှိပြီး အနံ့မရသောသူများကို သီးသန့်ထားသည့် နေရာသို့ ပို့ဆောင်မည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။ “တစ်ချို့တွေကြတော့ အနံ့မရဘူး။ ကျန်တဲ့ ရောဂါလက္ခဏာတွေက ဘာမှ မရှိဘူး ။ ဒီတစ်ခုပဲ ဆိုရင်တော့ သူတို့ကို စစ်ပြီးတော့ ပိုးတွေ့တယ် ဆိုရင် အနံ့မရတဲ့သူတွေကိုပဲ သီးသန့်ထားတဲ့ နေရာကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ သူတို့ကို တစ်ခြား ပိုးတွေ့လူနာတွေနဲ့ ရောထားမှာ မဟုတ်ပါဘူး ။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

“အနံ့မရတဲ့ ပြဿနာ တစ်ခုပဲ ရှိနေတဲ့သူအတွက်ကတော့ အနံ့မရလူနာအတွက် သီးသန့်ထားတဲ့ နေရာ တစ်နေရာမှာ ကျွန်မတို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဲဒီမှာမှ သာမန်အဆင့် လက္ခဏာနဲ့ အသင့်အတင့် လက္ခဏပေါ့။ ဖျားတော့ ဖျားတယ်။ သိပ်မဆိုးဘူး ။ ချောင်းနည်းနည်းဆိုးတယ်။ အဲလိုမျိုးပေါ့။ အဲလိုမျိုး အသင့်အတင့် လက္ခဏာလောက်ပဲ ရှိတယ်ဆိုရင် လူနာ မရရှိသေးတဲ့ နေရာ ၊ ဆေးရုံ ၊ COVID-19 ကုသရေး ဌာန ၊ ကျွန်မတို့ နောက်ထပ် ဖွင့်ထားတဲ့ ဌာန အသစ်ထပ်တိုးချဲ့ ဖွင့်တဲ့ နေရာတွေမှာ ထားရှိမှာ ဖြစ်ပါတယ်။ အဲဒီမှာမှ COVID-19 ကလဲ Positive ဖြစ်မယ်။ ပြင်းထန်တဲ့ လက္ခဏာ ရှိတယ်။ သိပ်ပြီးတော့ ဖျားတယ်။ ချောင်းတွေက တအားဆိုးနေတယ် ။ မောနေတယ်။ အောက်စီဂျင် Sutision ကလည်း ကျတယ်။ ပြီးရင် သူမှာ နောက်ခံ ရောဂါတွေကလည်း ရှိနေတယ် ဆိုရင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ၊ မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီး ၊ အင်းစိန် ပြည်သူ့ဆေးရုံကြီး ၊ သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီး ၊ ဝေဘာဂီ အထူးကုဆေးရုံကြီးနဲ့ COVID-19 ကုသရေး ဌာန(ဖောင်ကြီး) ၊ တောင်ဥက္ကလာ အထူးကု ဆေးရုံကြီး အဲဒီ ဆေးရုံကြီး ၇ ရုံမှာ ကုသမှု ပေးမှာ ဖြစ်ပါတယ်။”ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ စက်တင်ဘာ ၃၀ ရက်အထိ အတည်ပြုလူနာ စုစုပေါင်း ၁၃,၃၇၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ဆေးရုံဆင်းခွင့် ရရှိသူ ၃၇၅၅ ဦး ရှိကာ သေဆုံးလူနာ ၃၁၀ ဦး ရှိကြောင်း သိရသည်။ (Xinhua)