Connect with us

MYANMAR

COVID-19 ကာလအတွင်း မဟာသင်္ကြန် ရုံးပိတ်ရက်များတွင်  ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ခရီးသွားလာခွင့်မပြုရန် သမ္မတရုံးထုတ်ပြန် 

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံး အရေးကြီးကိစ္စရပ်များ (နာရေး) မှ အပ ခရီးသွားလာခြင်း အားခွင့်မပြုရန် နိုင်ငံတော်သမ္မတရုံး မှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာန များအားလုံး၊ နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့များအားလုံးသို့ ဧပြီ ၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက် ပေးပို့ခဲ့သည်။

သင်္ကြန်ကာလ ရုံးပိတ်ရက် အတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာအရပ်မှ မိသားစုများရှိရာ နေရပ်ဒေသအသီးသီး သို့ ပြန်ကြစဉ် လမ်းခရီးတွင်လည်းကောင်း၊ နေရပ်သို့ရောက်ရှိစဉ်တွင် လည်းကောင်း၊ COVID-19 ရောဂါပိုးကူးစက်ခံထားရသည့် ပြည်သူများ၊ မိသားစုဝင်များ၊ ဆွေမျိုး/မိတ်ဆွေများ နှင့် ထိတွေ့မိရာမှ ရောဂါကူးစက်ခံရနိုင်ပြီး ရုံးပိတ်ရက် ကုန်ဆုံး၍ တာဝန်ပြန်လည်ထမ်း ဆောင်ချိန် တွင်လည်း ရောဂါပိုး ကူးစက်ခံရသူဝန်ထမ်းများ မှ တစ်ဆင့် ရုံးဌာန အတွင်းရှိ  အခြားဝန်ထမ်းများ သို့ ကူးစက်ခြင်းခံရပါက ဝန်ကြီးဌာန/အဖွဲ့အစည်းများ ၏  ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားသည်။  

 သင်္ကြန်ကာလ ရုံးပိတ်ရက် အတွက် ပြန်ပေးရမည့် အစားထိုးရုံးပိတ်ရက်အား COVID-19 ရောဂါပိုးကင်းစင်သည့် အချိန် တွင် ဝန်ထမ်းအင်အား တစ်ဝက်ရုံးတက်၊ တစ်ဝက်ခွင့်ပြန်စနစ် ဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)