Connect with us

WORLD

အင်္ဂလန်နိုင်ငံတွင် “ လာမည့်နှစ်အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရနိုင်ဖွယ်ရှိကြောင်း” အဆင့်မြင့်အရာရှိပြော

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အဦအားတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Matt Hancock က အကယ်၍ ထောက်ခံအတည်ပြုချက်ရရှိပြီးပါက လာမည့် ၂၀၂၁ ခုနှစ် ပထမလပိုင်း အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတစ်မျိုးကို “ ရရှိဖို့ အလွန်ဖြစ်နိုင်ကြောင်း” စက်တင်ဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အောက်စဖို့တက္ကသိုလ် နှင့် AstraZeneca ဆေးဝါးထုတ်လုပ်မှုကုမ္ပဏီတို့မှ ကျွမ်းကျင်ပညာရှင်များက စမ်းသပ်ထုတ်လုပ်လျက်ရှိသော ကာကွယ်ဆေးကို “စောင့်ကြည့်လျက်ရှိ” ကြောင်း ၊ ယင်းဆေးဝါးကို နိုင်ငံပေါင်းများစွာ၌ စမ်းသပ်မှုပြုလုပ်ပြီးနောက်တွင် သိပ်မကြာမီကာလအတွင်း ထောက်ခံအတည်ပြုချက်ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း Evening Standard သတင်းစာက ဖော်ပြခဲ့သည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ အိမ်ခြံမြေအရောင်းပြခန်းရှေ့တွင် ဖြတ်လျှောက်သွားသော လူငယ်များအားတွေ့ရစဉ်(ဆင်ဟွာ) 

 ဗြိတိန် ၊တရုတ် ၊ ရုရှား နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများက နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတစ်မျိုးကို အပြိုင်အဆိုင် စမ်းသပ်ထုတ်လုပ်မှု ပြုလုပ်နေစဉ် ဝန်ကြီး Hancock ၏ ပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။အဆိုပါ ဆေးဝါးထုတ်မှုများကို စက်ရုံများတွင် စတင် ထုတ်လုပ်နေပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့ကြောင့် ကိစ္စရပ်များအားလုံး ရှင်းရှင်းလင်းလင်းပြုလုပ်ပြီးချိန်တွင် နိုင်ငံတစ်နိုင်ငံလုံးကို ပေးအပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးသည် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်ပွဲအတွက် ပြိုင်ပွဲအလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ၊ သက်ကြီးပိုင်းများ ၊ ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးငယ်များ အုပ်စုကို ဦးစွာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ တစ်နိုင်ငံလုံးရှိ လူအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်ရန်မှာ လပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံသည် လာမည့် ဆောင်းဦးရာသီ နှင့် ဆောင်းရာသီအတွင်း COVID-19 ရောဂါကြောင့် အခက်အခဲများဖြင့်ကြုံတွေ့ရနိုင်ပြီး ဆေးရုံတက်ရောက်ကုသသူအရေအတွက်လည်း မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ၊ ဆရာဝန်များအနေဖြင့် ဆေးကုသမှုအပိုင်းကို အလေးထားလုပ်ဆောင်နေကြောင်း နှင့် လက်ရှိတွင် သေနှုန်းမှာ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရသည်။(Xinhua)