Connect with us

WORLD

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူ ၃,၆၂၁,၂၄၅ ဦးထိ မြင့်တက် ၊ သေဆုံးသူ ၆၄,၄၆၉ ဦးရှိ 

အိန္ဒိယနိုင်ငံ၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တစ်ဦးက ဈေးသည်တစ်ဦးအား COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးရန် ဓာတ်ခွဲနမူနာ ရယူနေစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဩဂုတ် ၃၁ ရက်(ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားသူမှာ ဩဂုတ် ၃၁ ရက်တွင် ၃,၆၂၁,၂၄၅ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၆၄,၄၆၉ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

နိုင်ငံတစ်ဝှမ်း ပြီးခဲ့သော ၂၄ နာရီတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ဦးရေ ၇၈,၅၁၂ ဦး နှင့် သေဆုံးသူ ၉၇၁ ဦး ရှိခဲ့ကြောင်း သိရသည်။ COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် လူနာ ၇၈၁,၉၇၅ ဦးမှာ ကုသမှု ခံယူနေဆဲ ဖြစ်ပြီး အခြား၂,၇၇၄,၈၀၁ ဦးမှာ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

ဩဂုတ် ၃၀ ရက် တစ်ရက်တည်းတွင် COVID-19 ဓာတ်ခွဲနမူနာ ပေါင်း ၈၄၆,၂၇၈ ခု စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဩဂုတ် ၃၀ ရက်အထိ စုစုပေါင်း ဓာတ်ခွဲနမူနာ ပေါင်း ၄၂,၃၀၇,၉၁၄ ခုအား စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း အိန္ဒိယဆေးသုတေသနကောင်စီ(ICMR) ထံမှ သိရသည်။ 

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာလ ၂ ရက်မှ စ၍ ဖြေလျော့မှု အဆင့် ၄ ကို စတင်မည် ဖြစ်ပြီး ဖြေလျော့မှု အဆင့် ၄ အတွင်း လမ်းညွှန်မှု အသစ်များအား လိုက်နာရန် ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာခဲ့သော လမ်းညွှန်ချက် အသစ်များအရ စာသင်ကျောင်းများအား စက်တင်ဘာလထိ ဆက်လက်ပိတ်ထားမည် ဖြစ်ပြီး Grade 9-12 အထိ ကျောင်းသားများအား စာသင်ကျောင်းရှိ ၎င်းတို့၏ ဆရာများထံတွင် လမ်းညွှန်မှုတောင်းရန်အတွက် သွားရောက်ရန် ခွင့်ပြုထားကြောင်း သိရသည်။ 

ရထားပြေးဆွဲမှုများကို စက်တင်ဘာ ၇ ရက်မှ စတင်၍ အဆင့်ဆင့် ပြုလုပ်သွားရန် ခွင့်ပြုသွားမည် ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှ စ၍ အများပြည်သူဆိုင်ရာ လုပ်ဆောင်ချက်များ ၊ အခြား ပွဲလမ်းသဘင်များအား အများဆုံး လူဦးရေ ၁၀၀ ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)