Connect with us

WORLD

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် COVID-19 ရောဂါရှိသူနှင့် ထိတွေ့မှုရှိပြီးနောက် ရောဂါစစ်ဆေးမှုခံယူ

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex ကို တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex သည် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ပြီးနောက် ကြိုတင်ကာကွယ်သည့်အနေဖြင့် COVID-19 စစ်ဆေးမှုခံယူသွားမည် ဖြစ်ကြောင်း Castex ရုံးက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

Castex သည် စက်တင်ဘာ ၅ ရက်က ဆိုင်ကယ်ပြိုင်ပွဲတစ်ခုအတွင်း Tour de France ညွှန်ကြားရေးမှူး Christian Prudhomme ၏ ကားထဲတွင် ရှိခဲ့ကြောင်း သိရသည်။ “သူတို့နှစ်ဦးလုံး နှာခေါင်းစည်းတွေ တပ်ထားကြပြီး လူချင်းခပ်ခွာခွာနေရမှာကိုလည်း လိုက်နာခဲ့ကြပါတယ်” ဟု Castex ၏ ရုံးက ပြောကြားထားသည်။ 

Prudhomme သည် COVID-19 တွေ့ရှိခဲ့ပြီး ၇ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်သွားမည်ဖြစ်ကြောင်း Tour de France ပွဲဖြစ်မြောက်ရေးစီစဉ်သူများက စက်တင်ဘာ ၈ ရက် အစောပိုင်းက ပြောခဲ့သည်။ 

စက်တင်ဘာ ၉ ရက်တွင် အပတ်စဉ်ပြုလုပ်နေကျ ဝန်ကြီးများအစည်းအဝေးကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခြင်း ဆောင်ရွက်ရဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောကြားခဲ့သည်။ 

Castex အနေဖြင့် အခြားသူများနည်းတူ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အကယ်၍ ဆေးစစ်ချက်တွင် ရောဂါပိုးတွေ့ရှိခဲ့ပါက သီးသန့်ခွဲခြားနေထိုင်ရမည် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အလယ်ပိုင်း Auvergne ဒေသရှိ လူငယ် အလုပ်ရှာဖွေရေးစင်တာသို့ သွားရောက်လည်ပတ်စဉ် မက်ခရွန်က ပြောကြားခဲ့သည်။ 

“နိုင်ငံသားအားလုံးကို လုပ်ဆောင်ဖို့ပြောကြားထားတဲ့အတိုင်း ကျွန်တော်တို့ကိုယ်တိုင်လည်း အလားတူလုပ်ဆောင်သွားမှာပါ” ဟု မက်ခရွန်က ဆိုပြီး ပြင်သစ်နိုင်ငံသားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဘဝတွင်လည်း ဗိုင်းရပ်စ်တိုက်ဖျက်ရေး နိုးနိုးကြားကြားနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။ 

“ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင်ဘဝမှာ နေထိုင်တဲ့အခါမှာလည်း သတိလက်လွတ်နေလို့မရပါဘူး။ ဘာလို့လဲဆိုတော့ မကြာခဏဆိုသလို သီးသန့်ပျော်ပွဲရွှင်ပွဲ ပါတီတွေမှာ၊ မိသားစုတွေ့ဆုံပွဲ အခိုက်အတန့်တွေမှာ ဖြစ်ပွားနေလို့ပါပဲ” ဟု မက်ခရွန်က ဆိုသည်။

ပြင်သစ်နိုင်ငံသည် မကြာသေးမီရက်များအတွင်း COVID-19 တစ်ကျော့ပြန်ဖြစ်ပွားမှုကို ရင်ဆိုင်နေရသည်။ စက်တင်ဘာ ၇ ရက်က ပြင်သစ်နိုင်ငံတွင် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူအသစ် ၄,၂၀၃ ဦးရှိခဲ့ပြီး လွန်ခဲ့သော သုံးရက်က နေ့စဉ် ရောဂါဖြစ်ပွားမှုအသစ် ၇,၀၀၀ နှင့် ၉,၀၀၀ ကြား ရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.