Connect with us

WORLD

တန်နက်စီတက္ကသိုလ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသဖြင့် ကျောင်းသားနှင့် ဝန်ထမ်း ၂,၁၀၀ ကျော် အသွားအလာကန့်သတ်

အမေရိကန်နိုင်ငံ တောင်ပိုင်း တန်နက်စီပြည်နယ်ရှိ တန်နက်စီတက္ကသိုလ်၊ Knoxville နယ်မြေအား တွေ့ရစဉ် (ဓာတ်ပုံ-utk.com)

ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တောင်ပိုင်း တန်နက်စီတက္ကသိုလ် (University of Tennessee) ရှိ Knoxville ပရိဝုဏ်၌ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်လာခြင်းကြောင့် လက်ရှိတွင် ကျောင်းသားနှင့် ဝန်ထမ်း ၂,၁၀၀ ကျော်ကို အသွားအလာကန့်သတ်ထားရှိကြောင်း ဒေသတွင်းမီဒီယာက စက်တင်ဘာ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ 

“အခု ကျွန်မတို့ လူပေါင်း ၂,၁၁၂ ဦးကို အသွားအလာကန့်သတ်တာ၊ ဒါမှမဟုတ် တစ်ကိုယ်ရေ သီးသန့်ခွဲခြားနေထိုင်တာတွေ လုပ်နေပါတယ်။ အဲဒီထဲက ၁,၉၃၉ ဦးက ကျောင်းသားတွေဖြစ်ပြီး ကျောင်းဝင်းအတွင်းနဲ့ ကျောင်းဝင်းပြင်ပနေထိုင်သူတွေကြားမှာ အညီအမျှနီးပါးဖြစ်အောင် အုပ်စုတွေ ခွဲထားပါတယ်”ဟု ကျောင်းအုပ်ကြီး Donde Plowman က စက်တင်ဘာ ၈ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ပြောကြားခဲ့ကြောင်း CNN သတင်းအရ သိရသည်။ 

“ကျွန်မတို့မှာ ရောဂါဖြစ်ပွားတဲ့ အရေအတွက်တက်လာတာက အလွန်မြန်နေပါတယ်။ ပြီးတော့ ရောဂါကူးစက်မှုလမ်းကြောင်း မြင့်တက်လာတာကို တားဆီးဖို့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ပိုပြီးချမှတ်ဖို့ လိုအပ်တယ်” ဟု Plowman ပြောခဲ့သည်။ ယင်းတက္ကသိုလ်တွင် စက်တင်ဘာ ၇ ရက်အထိ COVID-19 ဖြစ်ပွားသူ ၆၀၀ ရှိကြောင်း၊ ကူးစက်မှုများအနက် ၅၉၂ ဦးမှာ ကျောင်းသားများဖြစ်ပြီး ၈ ဦးမှာ ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံ ပြည်နယ် ၅၀ လုံးရှိ ကောလိပ်များနှင့် တက္ကသိုလ်များတွင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၃၇,၀၀၀ ဦးရှိနေကြောင်း၊ တက္ကသိုလ်နယ်မြေများတွင် လူကိုယ်တိုင်တက်ရောက်ရသော အတန်းများကို ပယ်ဖျက်ထားကြောင်း သိရသည်။  (Xinhua)