Connect with us

WORLD

COVID-19 ရောဂါကြောင့် ကယ်လီဖိုးနီးယားတက္ကသိုလ်ပရဝဏ်အတွင်းရှိ ကျောင်းသားအားလုံး အသွားအလာကန့်သတ်ခံရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ် ပရဝဏ်တွင် ကျောင်းသားကျောင်သူများအား ၂၀၂၀ ပြည့်နှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့အိန်းဂျလိစ် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ  ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ် Long Beach (CSULA) ၌ တက္ကသိုလ်တက်ရောက်ပညာသင်းကြားနေသောကျောင်းသား ၅ ဦးသည် COVID-19 ကန့်သတ်ချက်များအား ချိုးဖောက်၍ တွေ့ဆုံပွဲတစ်ခုသို့ တက်ရောက်ခဲ့သဖြင့်  ယင်းတက္ကသိုလ်ပရဝဏ်အတွင်းရှိ ကျောင်းသားအားလုံးကို စက်တင်ဘာ ၂၆ ရက်တွင် (Quarantine) အသွားအလာကန့်သတ်မှုဖြင့် နေထိုင်ရန် ကျောင်းအာဏာပိုင်များက ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်အဓိပတိ Jane Close Conoley က ထုတ်ပြန်ခဲ့သော ယင်းကြေညာချက်ထဲတွင် ကျောင်းသားအချို့သည် ကျောင်းမှ ထုတ်ပြန်ထားသော COVID-19 ရောဂါဆိုင်ရာ လမ်းညွှန်ချက်စည်းကမ်းများအား ချိုးဖောက်၍ ကျောင်းပရဝဏ်ပြင်ပ၌ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ တစ်ခုကို တက်ရောက်ခဲ့ကြောင်း နှင့် ယင်းတို့ထဲမှ ကျောင်းသား ၅ ဦးသည် COVID-19 ရောဂါကူးစက်ခံလိုက်ရကြောင်းကို ကျောင်းတာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အသွားအလာကန့်သတ်သည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့က ကျောင်းပရဝဏ်ထဲမှာရှိတဲ့ လူအားလုံးကို အသွားအလာကန့်သတ်မှု လုပ် လိုက်ပါတယ်။ ပြီးတော့ Long Beach မြို့ ကျန်းမာရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနနဲ့အတူ ချိတ်ဆက်ပြီး ဒီကျောင်းသားအားလုံးကို မကြာမီကာလအတွင်း ဆေးစစ်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တက္ကသိုလ်အနေဖြင့် လူအချင်းချင်းထိတွေ့ပြောဆိုမှုအား ရက်သတ္တပတ် နှစ်ပတ်ကြာ ပိတ်ပင်ထားမည်ဖြစ်ပြီး ကျောင်းပရဝဏ်အတွင်း လုပ်ကိုင်နေကြသော ဝန်ထမ်းအရေအတွက်ကိုလည်း ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

တာဝန်ရှိသူများက ကျောင်းပရဝဏ်အတွင်းရှိ အဆောက်အဦများ သန့်ရှင်ရေး နှင့် ပိုးသတ်ဆေးဖျန်းရေး ကို လိုအပ်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ထိတွေ့မှုနှင့် ဆက်စပ်သော ကျောင်းသားများကိုလည်း ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း Conoley က ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ် ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားရာ၌ ပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်မှုမှာ အဆိုးရွားဆုံးအခြေအနေတွင်ရှိနေကြောင်း ၊ ယင်းမှာ ဗိုင်းရပ်စ် “ ဒုတိယလှိုင်း” တစ်ခု စတင်ရိုက်ခတ်လာမည့် ရှေ့ပြေးလက္ခဏာများပင်ဖြစ်ကြောင်း ဆိုသည်။

တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်၍ ကမ်းရိုးတမ်း နှင့် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Long Beach မြို့သည် လော့အိန်းဂျလိစ်မြို့ပြည်သူ့ကျန်းမာရေးစနစ် စီမံခန့်ခွဲမှုအောက်မှ ကျန်းမာရေးဆိုင်ရာ လွတ်လွတ်လပ်လပ်စီမံခွင့်ရရှိထားသည့် မြို့ငယ်လေးတစ်မြို့ဖြစ်သည်။

နောက်ဆုံး ကောက်ယူရရှိခဲ့သော အချက်အလက်များအရ ယင်းမြို့သည် စက်တင်ဘာ ၂၅ ရက် သန်းခေါင်ယံအထိ မြို့ခံပြည်သူ ၄၆၀, ၀၀၀ ဦးအနက် COVID-19 ရောဂါကူးစက်ခံရသူ ၁၁,၇၉၈ ဦးရှိကြောင်း သိရသည်။

အကျယ်အဝန်း ၃၂၂ ဧကရှိသော CSULA တက္ကသိုလ်ပရဝဏ်သည် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းပေါင်း ၂၃ ခု အနက် အရွယ်အစား တတိယအကြီးဆုံး ကျောင်းပရဝဏ်ကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။(Xinhua)