Connect with us

WORLD

တူရကီနိုင်ငံတွင် ဆေးဘက်ဆိုင်ရာပညာရှင် ၄၀,၀၀၀ ကျော် COVID-19 ကူးစက်ခံရ

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ ပန်းခြံတစ်ခုတွင် ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဆေးဘက်ဆိုင်ရာပညာရှင် ၄၀,၀၀၀ ကျော်တွင် COVID-19 ရောဂါကူးစက်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ရောဂါကူးစက်မှုကြောင့် အသက်သေဆုံးခဲ့ရသည့် ဆေးဝန်ထမ်းအရေအတွက်မှာ ၁၀၇ ဦး ရှိနေပြီဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Fahrettin Koca က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

“မကြာသေးမီက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပညာရှင်များအကြား သေဆုံးသူဦးရေ တိုးလာခဲ့တယ် ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Koca က ပြောခဲ့သည်။

တစ်ချိန်တည်းတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာအသစ် ၁,၆၇၁ ဦး ရှိခဲ့ပြီး ၅၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ရောဂါ ကူးစက်ခံရသည့် လူနာအရေအတွက် စုစုပေါင်းမှာ ၃၄၀,၄၅၀ ဦးနှင့် သေဆုံးသူ စုစုပေါင်းမှာ ၉,၀၁၄ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း တူရကီ ဆေးဘက်ဆိုင်ရာပညာရှင်များက လူပေါင်း ၁၁၅,၃၂၈ ဦးကို COVID-19 စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး စုစုပေါင်း ရောဂါစစ်ဆေးပြီးသူအရေအတွက်မှာ ၁၁,၉၆၁,၆၇၀ ဦး အထိရှိနေပြီဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း နေပြန်ကောင်းလာသူ စုစုပေါင်း ၁,၃၉၆ ဦးရှိပြီး တူရကီနိုင်ငံတွင် ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစပြီး ပြန်လည်သက်သာလာသူဦးရေမှာလည်း ၂၉၈,၃၆၈ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။ COVID-19 လူနာများတွင် အဆုတ်ရောင်ရောဂါရှိသူနှုန်းမှာ ၅.၉ ရာခိုင်နှုန်း ရှိပြီး အပြင်းအထန်ဖျားနာသူ လူနာအရေအတွက်မှာ ၁,၄၁၈ဦး ရှိခဲ့သည်။

တူရကီနိုင်ငံတွင် ပထမဆုံး လူနာကို မတ်လ ၁၁ ရက်က သတင်း ထုတ်ပြန်ခဲ့သည်။

တူရကီနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် COVID-19 တိုက်ဖျက်ရေးတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန် ထောက်ကူခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ်လူနာများကို ပြုစူကုသမှုများ ၊ ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးမှုများနှင့် ဗိုင်းရပ်ပျံနှံ့မှုကို ထိန်းချုပ်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အတွေ့အကြုံများကို ဝေမျှရန် တရုတ်နိုင်ငံမှ ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက တူရကီ ကျန်းမာရေးတာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)