Connect with us

WORLD

COVID-19 ကမ္ဘာ့ကပ်ရောဂါ နိုဝင်ဘာ ၁၅ ရက် သတင်းအကျဉ်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အမေရိကန်တွင် COVID-19ရောဂါ အတည်ပြုလူနာ (၁၁)သန်းကျော် ရှိပြီဖြစ်ကြောင်းနှင့် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ ကိုဗစ် ရောဂါကုသမှုခံယူ ပြီးစီးသွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၁၅ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၆ နာရီ ၃၅ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၅၉၄,၀၀၀ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၈,၂၁၂ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၅၃,၇၆၆,၇၂၈ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၃၀၈,၉၇၅ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၁၆ ရက် ၇ နာရီ ၂၅ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၄,၂၉၆,၆၁၅ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၃၁၅,၈၈၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ (၁၁) သန်းကျော် (၁၁,၀၂၂,၅၈၄ ဦး) နှင့် သေဆုံးသူ ၂၄၆,၁၀၁ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Tebbouneသည် ဂျာမနီနိုင်ငံတွင် COVID-19ရောဂါ ကုသမှု ခံယူပြီးစီးခဲ့ပြီဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတအိမ်တော်က နိုဝင်ဘာ ၁၅ ရက်က ထုတ်ပြန်ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံတွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၅,၈၆၀ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၁,၀၀၃,၂၅၃ ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ ၆၃၅ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၉၈,၂၅၉ ဦး ရှိကြောင်း မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ မက္ကဆီကိုနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကိုဗစ်အတည်ပြုလူနာ ဦးရေ (၁) သန်းကျော်သည့် ၁၁ ခုမြောက် နိုင်ငံဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံးရ ကိန်းဂဏန်းများက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မြင်ကွင်းအချို့အား နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

အီရန်နိုင်ငံ မြို့အချို့တွင် ယာဉ်အသွားအလာများလျှော့ချခြင်း၊ ရောဂါစစ်ဆေးမှု တိုးမြှင့်ခြင်း၊ သီးခြားခွဲထားစောင့်ကြည့်မှုများကို တင်းကျပ်စွာဆောင်ရွက်ခြင်းစသည့် နည်းလမ်းများ ပြုလုပ်ခဲ့သော်လည်း ထိရောက်စွာ ရောဂါထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ပိုမိုတင်းကျပ်သည့် နည်းလမ်းများကို မဖြစ်မနေ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက နိုဝင်ဘာ ၁၄ ရက် အမျိုးသားအဆင့် ကပ်ရောဂါထိန်းချုပ်မှု ညွှန်ကြားရေးဌာန အစည်းအဝေးတွင် ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ ၁,၆၆၀ ဦးဖြင့် စုစုပေါင်း အတည်ပြုလူနာ ၁၀၄,၂၆၇ ဦး ၊အသစ်ထပ်တိုးသေဆုံးသူ ၈၀၆ ဦး၊ ရောဂါသက်သာ ပျောက်ကင်းသူ ၅၈,၅၃၈ ဦး ရှိကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများက ဖော်ပြထားသည်။ လက်ဘနွန်နိုင်ငံသည် နိုဝင်ဘာ ၁၄ ရက်မှစ၍ ၃၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ လော့ခ်ဒေါင်းချထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.