Connect with us

WORLD

အမေရိကန်တွင် COVID-19 ဖြစ်ပွားသူ ၁၁ သန်းကျော်ရှိလာ ၊ တစ်ပတ်အတွင်း လူပေါင်း ၁ သန်းကျော် ကူးစက်ခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူတစ်ဦးအား နိုဝင်ဘာ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ၌ နိုဝင်ဘာ ၁၅ ရက်အထိ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁ သန်းကျော်ရှိလာကြောင်း နှင့် ပြီးခဲ့သောတစ်ပတ်အတွင်း ကူးစက်မှုအသစ် ၁ သန်းကျော်ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၇ မိနစ်အထိ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၁,၀၀၀,၉၈၄ ဦးရှိခဲ့ပြီး သေဆုံးသူပေါင်း ၂၄၆,၀၀၆ ဦးရှိခဲ့ကြောင်း CSSE ၏ကိန်းဂဏန်း အချက်အလက်အရ သိရသည်။

တက္ကဆက်စ် နှင့် ကယ်လီဖိုးနီးယား ပြည်နယ်နှစ်ခုစလုံးတွင် COVID-19 ရောဂါကူးစက်ခံရသူ ၁ သန်းကျော် အသီးသီး ရှိခဲ့သည်။ ဖလော်ရီဒါပြည်နယ်တွင် အတည်ပြုလူနာပေါင်း ၈၇၅,၀၉၆ ဦး၊ အီလီနွိုက်ပြည်နယ်တွင် ၅၇၃,၆၁၆ ဦး နှင့် နယူးယောက်ပြည်နယ်တွင် ၅၆၀,၂၀၀ ဦး ရှိခဲ့ရာ ကူးစက်မှုအမြင့်ဆုံး ပြည်နယ်များစာရင်းတွင် အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။

COVID-19 ရောဂါ ကူးစက်မှု ၂၅၀,၀၀၀ ( နှစ်သိန်းခွဲ)အထက်ရှိသော ပြည်နယ်များမှာ ဂျော်ဂျီယာ ၊ ဝစ္စကွန်ဆင် ၊ မြောက်ကယ်ရိုလိုင်းနာ ၊ တင်နက်ဆီ ၊ အိုဟိုင်းအိုး ၊ နယူးဂျာစီ ၊ မစ်ရှီဂန် ၊ အရီဇိုးနား ၊ ပင်ဆူဗေးနီးယား နှင့် အင်ဒီယားနား ပြည်နယ်တို့ ဖြစ်ကြောင်း CSSE အချက်အလက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်၌ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုဒဏ်အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံအဖြစ်တည်နေရှိသည်။ ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး နှင့် သေဆုံးမှု အများဆုံးနိုင်ငံတွင် ထိပ်ဆုံး၌ ရပ်တည်နေပြီး တစ်ကမ္ဘာလုံးကူးစက်မှု အားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်ထိ ရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် ပြီးခဲ့သော နိုဝင်ဘာ ၉ ရက်က ကိုဗစ်အတည်ပြုလူနာ ၁၀ သန်းရောက်ရှိခဲ့ပြီး တစ်ပတ်အတွင်းကူးစက်မှုအသစ် ၁ သန်းကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် နိုဝင်ဘာ ၁၅ ရက်အထိ ၁၂ ရက်ဆက်တိုက် နေ့စဉ် တစ်ရက်လျှင် လူပေါင်း တစ်သိန်းကျော် ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးစနစ်တိုင်းတာမှု နှင့် လေ့လာအကဲဖြတ်မှုဌာနက လက်ရှိဖြစ်ပေါ်နေသော အခင်းအကျင်းအနေအထားပေါ်အခြေခံ၍ လာမည့် ၂၀၂၁ ခုနှစ် မတ် ၁ တွင် အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း ၄၃၈,၉၄၁ ဦးထိရောက်ရှိသွားမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.