Connect with us

WORLD

အီတလီနိုင်ငံ၌ COVID-19 ရောဂါ ထင်ထားသည်ထက် ပို၍ ဆောလျင်စွာရှိနေခဲ့ပြီးဖြစ်ကြောင်း လေ့လာမှုအရ တွေ့ရှိ

အီတလီနိုင်ငံရောမမြို့တွင် နှာခေါင်းစည်းတပ်ဆင်၍ စက်ဘီးစီးနင်း နေသူတစ်ဦးအား မတ် ၂၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ရှိနေခဲ့ပြီးဖြစ်ရာ ယင်းမှာ တရုတ်နိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိမှုထက် သုံးလ ပိုစောကြောင်း မီလန်မြို့ရှိ အမျိုးသားကင်ဆာဌာန(INT) ၏ နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။

ယင်းလေ့လာ တွေ့ရှိချက်သာ မှန်ကန်မည်ဆိုပါက တရုတ်နိုင်ငံ၌ ပထမဆုံး အတည်ပြုလူနာတွေ့ရှိခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ သုံးလ ၊ အီတလီနိုင်ငံ၌ ပထမဆုံး တရားဝင် အတည်ပြုလူနာတွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက် မတိုင်မီ ၅ လ ပိုစော၍ အီတလီနိုင်ငံ၌ ဗိုင်းရပ်စ် ရှိနေခဲ့ပြီဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။

အီတလီနိုင်ငံ ဘိုလော့နာမြိုရှိ  Sant’Orsola-Malpighi ဆေးရုံ၏ COVID-19 ရောဂါ ကုသရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦး အလုပ်လုပ်ကိုင်နေသည်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက် ကတွေ့ရစဥ်(ဆင်ဟွာ)

အီတလီနိုင်ငံ အမျိုးသားကင်ဆာဌာန(INT) ၏ သုတေသနပြုချက်အရ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းပြုလုပ်ခဲ့သည့် အဆုတ်ကင်ဆာ ရောဂါစစ်ဆေးစမ်းသပ်မှုတွင် ပါဝင်ခဲ့သော ကျန်းမာသန်စွမ်းသည့် စေတနာ့ဝန်ထမ်း ၉၅၉ ဦးအနက် ၁၁.၆ ရာခိုင်နှုန်းသည် ဖေဖော်ဝါရီလမတိုင်မီ ကာလအတန်ကြာကတည်းက COVID-19 ရောဂါ ကိုယ်ခန္ဓာခုခံအားစနစ် ရှိနှင့်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

လေ့လာတွေ့ရှိချက် စာတမ်းအား ပူးတွဲရေးသားခဲ့သူ တစ်ဦးဖြစ်သည့် Giovanni Apolone က ယင်းလေ့လာမှုတွင် ပါဝင်သော ဖြစ်ပွားမှု လေးခုသည် ပြီးခဲ့သော ၂၀၁၉ ခုနှစ် အောက်တိုဘာလ ပထမပတ် ရက်စွဲဖြင့် မှတ်တမ်းတင်ထားခြင်းဖြစ်ရာ ၊ ထိုသူများသည် စက်တင်ဘာလကပင် ရောဂါကူးစက်ခံထားရပြီးဖြစ်ကြောင်း ဆိုလိုခြင်းပင်ဖြစ်သည်။
ဖေဖော်ဝါရီလ နှောင်းပိုင်းက ကပ်ရောဂါ ပထမဆုံး စတင်ဖြစ်ပွားရာ မီလန်မြို့တော်တည်ရှိသည့် အီတလီနိုင်ငံမြောက်ပိုင်း Lombardy ဒေသတွင် ၂၀၁၉ ခုနှစ် နောက်ဆုံးသုံးလပတ်အတွင်း ပြင်းထန်ရာသီတုပ်ကွေး နှင့် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ မကြုံစဖူး မြင့်တက်ခဲ့ကြောင်း တွေ့ရှိခဲ့ရခြင်းမှာ ယင်းက COVID-19 ရောဂါသည် ယခင်ကတွေးထင်ထားသည်ထက် ပို၍ဆောလျင်စွာ ရှိနေခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေသည့် လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။(Xinhua)