Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19 အတည်ပြုလူနာအရေအတွက် သန်း ၆၀ ကျော်လွန်ဟု WHO ဆို

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လမ်းတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးရကိန်းဂဏန်းများအရ နိုဝင်ဘာ ၂၆ ရက် ဂရင်းနစ်စံတော်ချိန် နေ့လယ် ၁၇:၃၈ နာရီအထိ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက် သန်း ၆၀ ကျော်လွန်သွားပြီဖြစ်ကာ COVID-19 အတည်ပြုလူနာဦးရေမှာ ၆၀,၀၇၄,၁၇၄ ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်၌ သေဆုံးသူမှာ ၁,၄၁၆,၂၉၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် အတည်ပြုလူနာဦးရေ ၁၂,၄၄၁,၉၂၅ ဦးနှင့် သေဆုံးသူ ၂၅၇,၈၂၅ ဦးဖြင့် အသီးသီး မြင့်တက်လျက်ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံတွင် အတည်ပြုလူနာအရေအတွက် ၉,၂၆၆,၇၀၅ ဦးနှင့် သေဆုံးသူ ၁၃၅,၂၂၃ ဦး ရှိပြီး ဘရာဇီးနိုင်ငံတွင်မူ အတည်ပြုလူနာ ၆,၁၁၈,၇၀၈ ဦးနှင့် သေဆုံးသူ ၁၇၀,၁၁၅ ဦး ရှိကြောင်း သိရသည်။

ရောဂါကူးစက်မှု များပြားသည့် အခြားနိုင်ငံများ၌ အတည်ပြုလူနာအရေအတွက်အနေဖြင့် ရုရှားနိုင်ငံတွင် ၂,၁၈၇,၉၉၀ ဦး၊ ပြင်သစ်နိုင်ငံတွင် ၂,၁၃၁,၃၇၆ ဦး၊ စပိန်တွင် ၁,၆၀၅,၀၆၆ ဦး ၊ ဗြိတိန်တွင် ၁,၅၅၇,၀၁၁ ဦး၊ အီတလီတွင် ၁,၄၈၀,၈၇၄ ဦး၊ အာဂျင်တီးနားတွင် ၁,၃၈၁,၇၉၅ ဦးနှင့် ကိုလံဘီယာတွင် ၁,၂၆၂,၄၉၄ ဦးရှိခဲ့သည်။

သေဆုံးသူများအနေဖြင့် မက္ကဆီကိုတွင် ၁၀၂,၇၃၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ယင်းနောက် ဗြိတိန်တွင် ၅၆,၅၃၃ ဦး၊ အီတလီတွင် ၅၂,၀၂၈ ဦး၊ ပြင်သစ်တွင် ၅၀,၂၅၉ ဦး၊ အီရန်တွင် ၄၆,၂၀၇ ဦး၊ စပိန်တွင် ၄၄,၀၃၇ ဦးနှင့် ရုရှားတွင် ၃၈,၀၆၂ ဦးတို့ အသီးသီး ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဌာနေရုံးများအဆိုအရ အမေရိက (မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်) သည် အတည်ပြုလူနာဦးရေ စုစုပေါင်း ၂၅,၄၆၀,၀၁၂ ဦးနှင့် သေဆုံးသူ ၇၀၈,၉၉၆ ဦးဖြင့် COVID-19 ဖြစ်ပွားမှုဒဏ်အခံရဆုံးဒေသအဖြစ် ကျန်ရှိနေပြီး ၎င်းနောက်တွင် ဥရောပတိုက်သည် အတည်ပြုလူနာဦးရေ ၁၇,၇၆၆,၅၅၆ ဦးနှင့် သေဆုံးသူ ၃၉၅,၉၉၇ ဦးဖြင့် ရှိနေကြောင်း သတင်းဖော်ပြခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိရာ ဂျာမနီ၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန် အပါအဝင် နိုင်ငံများစွာတို့သည် ကာကွယ်ဆေးဖော်ထုတ်ရန် အပြိုင် အားထုတ်လုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝက်ဘ်ဆိုက်အရ နိုဝင်ဘာ ၁၂ ရက်အထိ ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး အဆိုပြုမှု ၂၁၂ ခု ရှိနေပြီး ၎င်းတို့အနက် ၄၈ ခုမှာ လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)